ရုရှားနှင့် အင်ဒိုနီးရှားတို့ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရှိလာမည်ဟု ရုရှားနိုင်ငံမှ မျှော်လင့်ထားကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး Mr. Sergey Tolchenov က TASS သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ကုန်သွယ်မှုပုံသဏ္ဍာန်မှာ များစွာပြောင်းလဲခြင်းမရှိဘဲ ရုရှားနိုင်ငံ၏အဓိကပို့ကုန်များသည် သတ္တု၊ စွမ်းအင်အရင်း အမြစ်များ၊ သစ်၊ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ကြောင်း၊ စားအုန်းဆီသည် အင်ဒိုနီးရှား၏ အဓိကပို့ကုန်အဖြစ် ဆက်လက်တည်ရှိနေပြီး ၎င်းသည် ရုရှားဈေးကွက်သို့ အဓိကပို့ကုန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံးသည် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတိုးချဲ့ရန် စိတ်ဝင်စားမှုရှိကြောင်း၊ အင်ဒိုနီးရှားကုမ္ပဏီအများအပြားသည် ၎င်းတို့၏ထုတ်ကုန်များကို ရုရှားဈေးကွက်သို့ တင်ပို့ရန် ဆန္ဒရှိကြကြောင်း၊ ကော်ဖီ၊ လက်ဖက်ခြောက်၊ အပူပိုင်းဒေသ သစ်သီးဝလံများနှင့် ဟင်းခတ်အမွှေးအကြိုင်များသည် အင်ဒိုနီးရှားအတွက် ရုရှားဈေးကွက်သို့ တင်ပို့ရန် စိတ်ဝင် စားဖွယ်ကောင်းသည့် ထုတ်ကုန်များဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက ပြောကြားခဲ့သည်။
ဥရောပအာရှစီးပွားရေးသမဂ္ဂ(Eurasian Economic Union - EAEU)နှင့် အင်ဒိုနီးရှားတို့အကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA)ကို ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ထားကြောင်း၊ ယင်းသည် နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ရုရှားနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံအထိရှိခဲ့သည်။ ရုရှားသည် အင်ဒိုနီးရှားနိုင်ငံသို့ ရေနံနှင့် ရေနံထွက်ကုန်များ၊ သံနှင့် သံမဏိ၊ ဓာတ်မြေ ဩဇာ၊ ဂျုံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များ အဓိကတင်ပို့ပြီး အင်ဒိုနီးရှားမှ စားအုန်းဆီ၊ ရော်ဘာ၊ ကော်ဖီနှင့် စိုက်ပျိုးရေးထွက်ကုန်များ အဓိကတင်သွင်းကြောင်း သိရသည်။
ရုရှားတွင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသည့် ကော်ဖီ၊ လက်ဖက်ခြောက်၊ အပူပိုင်းဒေသသစ်သီးဝလံများနှင့် ဟင်းခတ်အမွှေးအကြိုင်များသည် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့တင်ပို့ရန် အလားအလာကောင်းများရှိကြောင်း သိရသည်။
Source : https://tass.ru/ekonomika/25469817
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)