ဒူဘိုင်းအကောက်ခွန်ဌာနသည် Binance Blockchain Week 2025 ပြပွဲအတွင်း ကမ္ဘာ့အကြီးဆုံး cryptocurrency လဲလှယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Binance နှင့် မဟာဗျူဟာမြောက်နားလည်မှု စာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် ပြည်နယ်၏ဦးဆောင်မှုကို အားဖြည့်ပေးခဲ့ပါသည်။
၎င်းသဘောတူညီချက်သည် crypto-assets များကို ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ငွေပေးငွေယူမှုများတွင် ပေါင်းစပ်ရန်၊ ထိရောက်မှုကိုမြှင့်တင်ရန်နှင့် ငွေပေးချေမှုစနစ်များကို ခေတ်မီအောင်ပြုလုပ်ရန် ရည်ရွယ် ထားခြင်းဖြစ်ပါသည်။
နှစ်ဖက်စလုံးမှ အကြီးတန်းအရာရှိများရှေ့တွင် ဒူဘိုင်းအကောက်ခွန်ဌာန၏ ညွှန်ကြားရေးမှူးချုပ် Dr. Abdulla Busenad နှင့် Binance FZE ၏ အထွေထွေမန်နေဂျာ Stephanie Emile တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ဤမိတ်ဖက်ဆောင်ရွက်မှုသည် ဒူဘိုင်းအကောက်ခွန်ဌာန၏ လက်ရှိဒစ်ဂျစ်တယ်အသွင်ပြောင်းမှုပေါ်တွင် တည်ဆောက်ထားပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းအမျိုးမျိုးကို အလိုအလျောက်လုပ်ဆောင်ပေးကာ ပြည်နယ်အား အဆင့်မြင့်နည်းပညာနှင့် ပေါ်ထွက်လာသော startup စီးပွားရေးလုပ်ငန်းများအတွက် ဗဟိုချက်အဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒူဘိုင်းသည် blockchain နည်းပညာများကိုအသုံးပြု၍ ပြည်တွင်းငွေပေးချေမှုဂေဟစနစ်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ထားပါသည်။ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုများပေါင်းစပ်ခြင်းသည် သွင်းကုန် -ပို့ကုန်လုပ်ငန်းများကို ချောမွေ့စေရန်၊ ငွေပေးငွေယူအချိန်များကိုလျှော့ချရန်နှင့် အထူးသဖြင့် ခေတ်မီငွေပေးချေမှု ဖြေရှင်းချက်များနှင့် ကမ္ဘာလုံးဆိုင်ရာဈေးကွက်များသို့ဝင်ရောက်ရန် ရှာဖွေနေသော SME လုပ်ငန်းများထံမှ ရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရန် မျှော်မှန်းထားပါသည်။
DP World ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ His Excellency Sultan Ahmed bin Sulayem က ဤပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာဒစ်ဂျစ်တယ်စီးပွားရေးတွင် ဒူဘိုင်း၏အခန်းကဏ္ဍကို အားကောင်းစေပြီး D33 စီးပွားရေးအစီအစဉ်ကို ပံ့ပိုးပေးထားကြောင်းနှင့် ဤအစီအစဉ်သည် ဆန်းသစ်သောစီးပွားရေးပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး အနာဂတ်ရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်သည့် နောက်မျိုးဆက်ငွေပေးချေမှုဂေဟစနစ်တစ်ခုကို တည်ဆောက်ပေးထားသည်ဟု ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
Binance နှင့်ပူးပေါင်းဆောင်ရွက်မှုသည် ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် အကောက်ခွန်ခေတ်မီရေးတွင် အခန်းကဏ္ဍသစ်တစ်ခုကို အမှတ်အသားပြုနေကြောင်းနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှု၏ အလျင်အမြန်တိုးတက်မှုကို လိုက်လျော ညီထွေဖြစ်စေနိုင်သည့်နည်းပညာဖြင့်ပံ့ပိုးထားသော ပိုမိုမြန်ဆန်ပြီး ပိုမိုပွင့်လင်းမြင်သာသောလုပ်ငန်းစဉ်များဆီသို့ ၎င်းတို့ရွေ့လျားနေသည်ဟု Dr. Abdulla Busenad က အလေးပေးပြောကြားခဲ့ပါသည်။
Binance ၏အမှုဆောင်အရာရှိချုပ်ဖြစ်သူ Richard Teng က ဤပူးပေါင်းဆောင်ရွက်မှုသည် ဒူဘိုင်း၏ဒစ်ဂျစ်တယ်ဂေဟစနစ်ကိုမြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော၊ နည်းပညာဖြင့် မောင်းနှင်သော ကုန်သွယ်ရေးအခြေခံအဆောက်အအုံများကိုဖန်တီးရန် ဆန်းသစ်သောဖြေရှင်းချက်များကို မိတ်ဆက်ပေးသွားမည်ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။
ဤသဘောတူညီချက်သည် ဒူဘိုင်းအကောက်ခွန်ဌာနကို စမတ်ကျသော ငွေကြေးအသွင်ပြောင်းမှု၏ ရှေ့တန်းနေရာတွင်ထားရှိကာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့်ဒစ်ဂျစ်တယ်စီးပွားရေး ဦးဆောင်သူအဖြစ် ပြည်နယ်၏ ရည်မှန်းချက်များကို မြှင့်တင်ပေးထားကြောင်း သတင်းဖော်ပြထားပါသည်။
News Source: Dubai Media Office
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)