Japan

အိန္ဒိယသည် တရုတ်ရှယ်ယာ ၁၀ % ရှိသော ကုမ္ပဏီများအတွက် FDI စည်းမျဉ်းလျော့ချမှုကို မကြာမီ ကြေညာတော့မည်

Last Updated:

တရုတ်ကုမ္ပဏီများတွင် ၁၀ ရာခိုင်နှုန်းအထိ ရှယ်ယာပိုင်ဆိုင်မှုရှိသော နိုင်ငံတကာကုမ္ပဏီများအတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)စည်းမျဉ်းများကို လျှော့ချပေးရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို FEMA ဥပဒေ(Foreign Exchange Management Act)အောက်တွင် မကြာမီတရားဝင်ကြေညာမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ တရားဝင်ကြေညာချက်(notification)ထွက်ပြီးမှသာ ဤ FDI စည်းမျဉ်းသစ်များတရားဝင်အသက်ဝင်လာမည်ဖြစ်ကြောင်း သိရသည်။

မတ်လတွင် သမဂ္ဂကက်ဘိနက်အဖွဲ့သည် ၂၀၂၀ ခုနှစ်၏သတင်းစာမှတ်စုအမှတ် ၃(Press Note 3)တွင် ပြင်ဆင်ချက်များကို အတည်ပြုခဲ့သည်။ ယင်းပြင်ဆင်ချက်အရ — တရုတ်ရှယ်ယာပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းအထိသာရှိသော နိုင်ငံခြားကုမ္ပဏီများသည် ကဏ္ဍအားလုံးတွင် အလိုအလျောက်လမ်းကြောင်း (Automatic Route)ဖြင့် အိန္ဒိယတွင် ရင်းနှီးမြှုပ်နှံခွင့်ရရှိမည်ဖြစ်သည်။ သို့သော်လည်း ဖြေလျှော့ပေးထားသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) စည်းမျဉ်းများသည် တရုတ်/ဟောင်ကောင် သို့မဟုတ် အိန္ဒိယနိုင်ငံနှင့် ကုန်းတွင်းနယ်နိမိတ်ချင်းထိစပ်နေသော အခြားနိုင်ငံများတွင်မှတ်ပုံတင်ထားသည့် လုပ်ငန်းအဖွဲ့အစည်းများနှင့် သက်ဆိုင်မည်မဟုတ်ကြောင်း သိရှိရသည်။

အစိုးရသည် အရင်းအနှီးကုန်စည်များ(Capital goods)ထုတ်လုပ်မှု၊ အီလက်ထရွန်နစ်အရင်းအနှီးကုန်စည်များ၊ အီလက်ထရွန်နစ်အစိတ်အပိုင်းများ၊ Polysilicon နှင့် Ingot-wafer ထုတ်လုပ်မှုကဏ္ဍများအပါအဝင် Cabinet Secretary ဦးဆောင်သော အတွင်းဝန်များကော်မတီမှ ထပ်မံဖြည့်စွက်မည့် မည်သည့်ကဏ္ဍ/လုပ်ငန်းအမျိုးအစားများတွင်မဆို FDI ရင်းနှီးမြှုပ်နှံရန်တင်ပြလာမှုများကို ရက်ပေါင်း ၆၀ အတွင်း စိစစ်ဆောင်ရွက်ပေးရန်ဆုံးဖြတ်ထားကြောင်းသိရှိရသည်။ စက်မှုလုပ်ငန်းနှင့် ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန(DPIIT)က ဤပြောင်းလဲမှုများကို အကြောင်းကြားစာထုတ်ပြန်ခဲ့သော်လည်း၊ စီးပွားရေးရာဦးစီးဌာန(DEA)ကမူ လက်ရှိအချိန်ထိ ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။"

စီးပွားရေးရာဦးစီးဌာန(DEA)အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုအက်ဥပဒေ(FEMA)အရ အမိန့်ကြော်ငြာစာထုတ်ပြန်ရမည်ဖြစ်ပါသည်။ ၎င်းကို အမြန်ဆုံးထုတ်ပြန်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သေချာစွာညှိနှိုင်းပြင်ဆင်ရန် (Fine-tuning)လိုအပ်ပါသည်" ဟု DPIIT တွဲဖက်အတွင်းဝန် Jai Prakash Shivahare က သတင်းထောက်များကို ပြောကြားခဲ့ကြောင်းသိရှိရသည်။ လျှောက်ထားမှုများကို ရက်ပေါင်း ၆၀ အတွင်း စိစစ်ဆောင်ရွက်ပေးမည့် ကဏ္ဍခွဲများ(Sub-sectors)ကို သတ်မှတ်နိုင်ရန်ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပြန်လည်ရင်းနှီးမြှုပ်နှံထားသည့် အမြတ်ငွေများအပါအဝင် စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ပမာဏသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဖေဖော်ဝါရီလအထိကာလအတွင်း အမေရိကန်ဒေါ်လာ ၈၈.၂၉ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း Shivahare က ပြောကြားခဲ့သည်။ ၂၀၂၄-၂၅ ခုနှစ်တွင် အဆိုပါပမာဏမှာ အမေရိကန်ဒေါ်လာ ၈၀.၆၁ ဘီလီယံရှိခဲ့ကြောင်းသိရှိရသည်။ နိုင်ငံအတွင်းသို့ အသားတင်ဝင်ရောက်လာသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(Net FDI)သည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တစ်နှစ်စာလုံးတွင် အမေရိကန်ဒေါ်လာ ၉၅၉ သန်းသာ ရှိခဲ့ရာမှ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိကာလအတွင်း၌ အမေရိကန်ဒေါ်လာ ၆.၂၆ ဘီလီယံအထိမြင့်တက်လာခဲ့ကြောင်း သိရသည်။

အမျိုးသားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးရေး အေဂျင်စီဖြစ်သည့် Invest India သည် ၂၀၂၅-၂၆ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆.၁ ဘီလီယံကျော်တန်ဖိုးရှိသော စီမံကိန်းပေါင်း ၆၀ ကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် (Grounding)ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် ပြည်နယ်ပေါင်း ၁၄ ခုတွင် ပျံ့နှံ့တည်ရှိပြီး အလားအလာရှိသော အလုပ်အကိုင်ပေါင်း ၃၁,၀၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းရကြောင်းနှင့် လက်တွေ့အကောင်အထည်ဖော်သည့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး၏ ၄၂ ရာခိုင်နှုန်းခန့်မှာ ဥရောပနိုင်ငံများမှ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ အော်စတြေးလျနှင့် အခြားသော အဓိကရင်းနှီးမြှုပ်နှံ သည့်ဈေးကွက်များမှ ဆက်လက်ပါဝင်လာခြင်းသည် အိန္ဒိယ၏စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင်နှင့်ကုန်ထုတ်လုပ်မှုစွမ်းရည်များအပေါ် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်မှုရှိကြောင်းကို ထင်ဟပ်စေသည်။ ထို့အပြင် ဘရာဇီး၊ နယူးဇီလန်နှင့် ကနေဒါကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုအသစ်ဝင်ရောက်လာသည့်နိုင်ငံများကလည်း အိန္ဒိယ၏ရင်းနှီးမြှုပ်နှံမှုအခြေခံ ပိုမိုစုံလင်လာကြောင်းကို ပြသနေပါသည်။

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Source: The Business Standard: India to soon notify eased FDI norms for firms with 10% China stake

Category: Japan