အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၅-၂၀၂၆ စျေးကွက်ရာသီတွင် ၇.၃၂ ရာခိုင်နှုန်းတိုးတက်ကာ သန်းပေါင်း ၂၇.၅၂ တန်သို့ရောက်ရှိလာကြောင်း လုပ်ငန်းအဖွဲ့အစည်း အိန္ဒိယသကြားထုတ်လုပ်သူများနှင့်ကုန်သည်များအသင်း(ISMA)က ထုတ်ပြန်ကြေညာခဲ့သည်။ ဤတိုးတက်မှုသည် အဓိကအားဖြင့် မဟာရာရှတြာပြည်နယ်နှင့် ကာနာတကာပြည်နယ်တို့တွင် သကြားထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ယခင်နှစ် တူညီသောကာလ(ဧပြီလ ၃၀ ရက်အထိ) တွင် သကြားထုတ်လုပ်မှုသည် သန်းပေါင်း ၂၅.၆၄ တန်သာရှိခဲ့သည်။ သကြားစျေးကွက်ရာသီသည် အောက်တိုဘာလမှ စက်တင်ဘာလအထိဖြစ်သည်။
ISMA အသင်း၏ထုတ်ပြန်ချက်အရ နိုင်ငံ၏သကြားအများဆုံးထုတ်လုပ်သော ပြည်နယ်ဖြစ်သည့် မဟာရာရှတြာတွင် ထုတ်လုပ်မှုသည် သန်းပေါင်း ၈.၀၉ တန်မှ သန်းပေါင်း ၉.၉၂ တန်သို့တက်လာခဲ့ပြီး ကာနာတကာပြည်နယ်တွင်လည်း ထုတ်လုပ်မှုသည် သန်းပေါင်း ၄.၀၄ တန်မှ သန်းပေါင်း ၄.၈၀ တန်သို့ တိုးတက်လာခဲ့ကြောင်းသိရသည်။ သို့သော် ဥတ္တရပြည်နယ်တွင်မူ သကြားထုတ်လုပ်မှုသည် ယခင်နှစ်က သန်းပေါင်း ၉.၂၄ တန်မှ သန်းပေါင်း ၈.၉၆ တန်သို့ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ISMA မှ ခန့်မှန်းချက်အရ အီသနောသို့ လွှဲပြောင်းသုံးစွဲမှုအပြီး ၂၀၂၅-၂၆ စျေးကွက်ရာသီတစ်ခုလုံး၏ စုစုပေါင်းသကြားထုတ်လုပ်မှုသည် သန်းပေါင်း ၂၉.၃ တန်ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၎င်းသည် ၂၀၂၄-၂၅ ခုနှစ်တွင် မှတ်တမ်းတင်ခဲ့သော သန်းပေါင်း ၂၆.၁၂ တန်ထက် သိသိသာသာတိုးတက်နေကြောင်း သိရ သည်။
သို့သော် စက်ရုံများ၏ ကြိတ်ခွဲမှုလုပ်ငန်းသည် သိသိသာသာကျဆင်းလာပြီး ယခုအချိန်တွင် စက်ရုံ ၅ ရုံသာလည်ပတ်နေကြောင်း သိရသည်။ ယခင်နှစ် တူညီသောကာလတွင် ၁၉ ရုံလည်ပတ်နေခဲ့ သည်နှင့်နှိုင်းယှဉ်လျှင် များစွာလျော့နည်းသွားသည်။ ဥတ္တရပြည်နယ်၊ မဟာရာရှတြာနှင့် ကာနာတကာပြည်နယ်များရှိ သကြားစက်ရုံအားလုံးသည် အဓိကရာသီအတွက် ပိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ သို့သော် ကာနာတကာရှိ စက်ရုံအချို့သည် ၂၀၂၆ ခုနှစ် ဇွန်-ဇူလိုင်လတွင် အထူးရာသီတစ်ခုအနေဖြင့် ထပ်မံလည်ပတ်မည်ဟု ISMA မှ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ တမီးနာဒူးပြည်နယ်ရှိ သကြားစက်ရုံများသည်လည်း အထူးရာသီတလျှောက် ဆက်လက်လည်ပတ်မည်ဖြစ်သည်။ ကာနာတကာနှင့် တမီလ်နာဒူပြည်နယ်နှစ်ခုပေါင်းသည် ယခင်ကတည်းက ထိုကာလအတွင်း တန်ချိန် ၅၀၀,၀၀၀(သိန်း ၅ ပေါင်း)ခန့်ထုတ်လုပ်လေ့ရှိကြောင်း သမိုင်းကြောင်းအရ သိရသည်။
ရာသီကုန်ဆုံးလာသည်နှင့်အမျှ လုပ်ငန်းကဏ္ဍမှ သကြား၏ အနိမ့်ဆုံးရောင်းချနိုင်သောစျေးနှုန်း(MSP - Minimum Selling Price)ကို အစောဆုံးပြန်လည်သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည်။ တောင်းဆိုရခြင်း၏ အကြောင်းရင်းများမှာ—ထုတ်လုပ်မှုကုန်ကျစရိတ်တိုးမြင့်လာခြင်း၊ စက်ရုံမှထွက်သော သကြားရောင်းရငွေနည်းပါးသွားခြင်းကြောင့် စက်ရုံများ၏ငွေသားစီးဆင်းမှုပေါ် ဖိအားဖြစ်ပေါ်နေခြင်း၊ သကြားတဆေးတောင်သူများထံ ငွေပေးချေမှုနောက်ကျမှုများ ပိုမိုများပြားလာစေခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
မဟာရာရှတြာပြည်နယ်တစ်ခုတည်းတွင်ပင် သကြားတဆေးငွေပေးချေမှုနောက်ကျမှုသည် ဧပြီလအလယ်ပိုင်းအထိ ရူပီးကုဋေ ၂,၁၃၀ ရှိနေပြီး၊ ယခင်နှစ်တူညီသောကာလတွင် ရူပီးကုဋေ ၇၅၂ သာရှိခဲ့သည်နှင့်နှိုင်းယှဉ်လျှင် သုံးဆနီးပါးမြင့်တက်သွားခဲ့သည်။ ထို့အပြင် လုပ်ငန်းကဏ္ဍမှ အစိုးရထံ ဖော်ပြပါတောင်းဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်—လက်ရှိ E20 အစီအစဉ်ထက်ကျော်လွန်၍ E25 နှင့် E85/E100 ကဲ့သို့သောအဆင့်မြင့်အရောစပ်မှုပမာဏများဆီသို့ အီသနောရောစပ်မှုပန်းတိုင်များကို အချိန်စောစောတိုးမြှင့်ပေးရန်၊ Flex-fuel ယာဉ်များ ပိုမိုမြန်ဆန်စွာထုတ်လုပ်ဖြန့်ချိပေးရန်၊ ကုန်နှင့် ဝန်ဆောင်မှုအခွန်(GST)နှုန်းထားများ ချိန်ညှိပေးရန်တို့ဖြစ်သည်။
ISMA မှ အီသနောဝယ်ယူစျေးနှုန်းနောက်ကျမှုကြောင့် တည်ဆောက်ထားသော စွမ်းအားများ အပြည့်အဝအသုံးမချနိုင်ဘဲဖြစ်နေသည်ဟု သတိပေးထားပြီး၊ စျေးနှုန်းပြန်လည်သတ်မှတ်မှုကို အမြန်ဆောင်ရွက်ပေးခြင်းသည်—စွမ်းအားအသုံးချနိုင်မှုတိုးတက်စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် မူဝါဒ ဆိုင်ရာသေချာမှုပေးရန်တို့အတွက် မရှိမဖြစ်လိုအပ်ကြောင်း ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ ၂၀၂၅-၂၆ သကြားစျေးကွက်ရာသီတွင် ထုတ်လုပ်မှု ၇.၃၂ ရာခိုင်နှုန်းတိုးတက်ကာ သန်းပေါင်း ၂၉.၃ တန်အထိရောက်ရှိမည်ဟုခန့်မှန်းထားသည်မှာ နှစ်တိုင်းစနစ်တကျစီမံခန့်ခွဲထားသော ရလဒ်တစ်ခုဖြစ်သည်။ မဟာရာရှတြာနှင့် ကာနာတကာပြည်နယ်များမှ ထုတ်လုပ်မှုမြင့်တက်ခြင်းသည် ဒေသဆိုင်ရာလုပ်ငန်းစွမ်းဆောင်ရည်ကို အမြင့်ဆုံးရောက်အောင်အာရုံစိုက်မှုကြောင့်ဖြစ်ပါသည်။
Sources: The Business Standard: Sugar output rises 7% so far in FY26; ISMA presses for policy relief
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)