အိန္ဒိယအစိုးရအနေဖြင့် လာမည့် ၂၀၂၆-၂၀၂၇ ကြံစိုက်ပျိုးရာသီအတွက် ကြံစျေးနှုန်း FRP (တောင်သူများအတွက် သင့်တင့်မျှတပြီး အကျိုးအမြတ်ဖြစ်ထွန်းစေမည့် အစိုးရသတ်မှတ်အနိမ့်ဆုံးစျေးနှုန်း- Fair and Remunerative Price)ကို တစ်ကွမ်တယ်(Quintal-၁၀၀ ကီလိုဂရမ်)လျှင် ၃၆၅ ရူပီးအဖြစ် သတ်မှတ်ရန်အတည်ပြုလိုက်ကြောင်း သိရှိရသည်။ ဤစျေးနှုန်းသည် သကြားထွက်နှုန်း (Recovery Rate)၁၀.၂၅ ရာခိုင်နှုန်းအပေါ်အခြေခံ၍ သတ်မှတ်ခြင်းဖြစ်ပြီး ထိုသတ်မှတ်ချက်သည် ဝန်ကြီးချုပ်နရင်ဒရာမိုဒီဦးဆောင်သော စီးပွားရေးရာကက်ဘိနက်ကော်မတီ၏ဆုံးဖြတ်ချက်ဖြစ်ကြောင်း စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားသာယာရေးဝန်ကြီး၏ ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
အဆိုပါသတ်မှတ်ချက်အရ သကြားစက်ရုံများသည် သကြားထွက်နှုန်း ၁၀.၂၅ ရာခိုင်နှုန်းထက် ကျော်လွန်ပါက ပိုထွက်လာသည့် ၀.၁ ရာခိုင်နှုန်းတိုင်းအတွက် တစ်ကွမ်တယ်လျှင် ၃.၅၆ ရူပီးအပိုဆောင်း (Premium) ပေးချေရမည် ဖြစ်သည်။ အကယ်၍ သကြားထွက်နှုန်းသည် ၁၀.၂၅ ရာခိုင်နှုန်းအောက် လျော့နည်းနေပါကလည်း အထက်ပါနှုန်းထားအတိုင်းပင်တွက်ချက်၍ ကြံစျေးနှုန်း(FRP)ကို လျှော့ချ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသတ်မှတ်ချက်တွင် တောင်သူများနစ်နာမှုမရှိစေရန်အတွက် အထူးအစီအစဉ်တစ်ရပ် အနေဖြင့် သကြားထွက်နှုန်း ၉.၅ ရာခိုင်နှုန်းအောက် လျော့နည်းသော စက်ရုံများသို့ ကြံပေးသွင်းသည့် တောင်သူများအနေဖြင့် စျေးနှုန်းလျှော့ချခံရခြင်းရှိမည်မဟုတ်ဘဲ တစ်ကွမ်တယ်လျှင် အနည်းဆုံး ၃၃၈.၃၀ ရူပီးကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားကြောင်း သိရှိရသည်။
စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားသာယာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၆-၂၇ ကြံစိုက်ပျိုးရာသီအတွက် ကြံတစ်ကွမ်တယ်လျှင် ကုန်ကျစရိတ်မှာ ၁၈၂ ရူပီးခန့်ရှိမည်ဟု ခန့်မှန်းထားပါသည်။
ယခုအသစ်အတည်ပြုလိုက်သော ကြံစျေးနှုန်း(FRP)၃၆၅ ရူပီးသည် ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီက သတ်မှတ်ခဲ့သော စျေးနှုန်းထက် ၂.၈၁ ရာခိုင်နှုန်းပိုမိုမြင့်မားလာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုစျေးနှုန်းမှာ စိုက်ပျိုးစရိတ်ထက် နှစ်ဆ(၁၀၀ ရာခိုင်နှုန်း)ခန့် ပိုမိုရရှိနိုင်မည့် အခြေအနေတွင်ရှိနေပါသည်။ အိန္ဒိယနိုင်ငံ၏သကြားကဏ္ဍသည် ကြံစိုက်တောင်သူနှင့် ၎င်းတို့၏မိသားစုဝင်စုစုပေါင်း ၅ ကုဋေ(သန်း ၅၀)ခန့်နှင့်တိုက်ရိုက်ဆက်နွှယ်နေပြီး သကြားစက်ရုံများနှင့် ဆက်စပ်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အလုပ်သမားပေါင်း ၅ သိန်းခန့်အတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးထားကြောင်း သိရသည်။
ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ကြံဖိုးငွေပေးချေမှုအခြေအနေများနှင့်ပတ်သက်၍ ၂၀၂၄ -၂၀၂၅ ကြံစိုက်ပျိုးရာသီအတွက် ပေးချေရန် စုစုပေါင်း ရူပီး ၁,၀၂,၆၈၇ ကုဋေရှိသည့်အနက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့အထိ ရူပီး ၁,၀၂,၂၀၉ ကုဋေ ကို ပေးချေပြီး ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိ ၂၀၂၅-၂၀၂၆ ရာသီအတွက်မူ ပေးချေရန် စုစုပေါင်း ရူပီး ၁,၁၂,၇၄၀ ကုဋေ ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့အထိ ရူပီး ၉၉,၉၆၁ ကုဋေခန့်ကို ပေးချေပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: The Hindu: India Approves Sugarcane FRP at ₹365 per Quintal for 2026-27
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)