အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နရင်ဒြာမိုဒီဦးဆောင်သော Bharatiya Janata Party(BJP)အနိုင်ရရှိမည့် အရိပ်အယောင်များကြောင့် အိန္ဒိယစတော့ စျေးကွက်တက်ရိပ်ပြနေပြီး နိုင်ငံ၏ စီးပွားရေးအပေါ် ကောင်းကျိုးများသက်ရောက်နိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြကြောင်း သိရှိရသည်။
စီးပွားရေးအပေါ် သက်ရောက်မှုအနေဖြင့် စီးပွားရေးပညာရှင် Sunil Singhania က အနောက်ဘင်္ဂလားတွင် အစိုးရအပြောင်းအလဲဖြစ်ပေါ်ပါက အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)ကို ၀.၅ ရာခိုင်နှုန်း(50 bps) ခန့်ထပ်မံတိုးတက်စေနိုင်ကြောင်း ခန့်မှန်းထားသည်။ အကြောင်းမှာ ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ မူဝါဒချင်းတူညီသွားခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုများပိုမိုစီးဝင်လာနိုင်ပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုသွက်လက်လာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ရှယ်ယာဈေးကွက်တွင်လည်း မဲရေတွက်မှုအစောပိုင်းရလဒ်များအရ BJP ပါတီအသာရနေခြင်းကြောင့် Sensex အညွှန်းကိန်းသည် ၁.၃ ရာခိုင်နှုန်း(၉၉၇ မှတ်ကျော်)နှင့် Nifty အညွှန်းကိန်းသည် ၁.၂ ရာခိုင်နှုန်း(၂၉၂ မှတ်ကျော်) အသီးသီးမြင့်တက်ခဲ့သည်။ ထို့ပြင် အနောက်ဘင်္ဂလားတွင် ဆိုင်ခွဲပေါင်း ၂၅၀ ကျော်ရှိသည့် Baazar Style Retail ကဲ့သို့လုပ်ငန်းများ၏ ရှယ်ယာစျေးနှုန်းမှာ ၈ ရာခိုင်နှုန်းအထိထိုးတက်သွားခဲ့သည်။ BJP ပါတီ၏ လူမှုဖူလုံရေးကူညီမှုအစီအစဉ်များကြောင့် ပြည်သူများသုံးစွဲနိုင်မှု အားကောင်းလာမည်ဟု မျှော်လင့်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
သို့သော် စီးပွားရေးကျွမ်းကျင်သူများကမူ ဈေးကွက်တုံ့ပြန်မှုမှာ ခေတ္တသက်သက်သာဖြစ်နိုင်ကြောင်း သတိပေးကြသည်။ VK Vijayakumar က "ယနေ့ဈေးကွက်လှုပ်ရှားမှုသည် ဘင်္ဂလားနယ်မြေရလဒ်ကြောင့် လွန်လွန်ကဲကဲသက်ရောက်နေပုံရသည်။ သို့သော် ဤသည်မှာ အလွန်တိုတောင်းသော သက်ရောက်မှုသာဖြစ်မည်" ဟု ပြောကြားထားသည်။
အနောက်ဘင်္ဂလားပြည်နယ်တွင် လက်ရှိအာဏာရ Mamata Banerjee ၏ အစိုးရနေရာကို ရယူနိုင်ရေး BJP ပါတီက ကြိုးပမ်းနေခြင်းဖြစ်သည်။ ဤရွေးကောက်ပွဲရလဒ်သည် ၂၀၂၉ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် BJP ပါတီအပေါ် လူထုထောက်ခံမှု မည်မျှရှိသည်ကို ပြသသည့် အရေးကြီးသော အညွှန်းကိန်းတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
Source: The Economic Time: Election impact on stock market explained: What likely BJP win
in West Bengal means for investors
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တာမြို့)