Japan

ဂျပန်နိုင်ငံသည် ယူအေအီးနိုင်ငံထံမှ ရေနံစိမ်း စည်ပေါင်း ၂၀ သန်းထပ်မံဝယ်ယူမည်

Last Updated:

ဂျပန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရန်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ)ထံမှ နောက်ထပ်ရေနံစိမ်းစည်ပေါင်း ၂၀ သန်းဝယ်ယူရန် သဘောတူညီခဲ့ကြောင်း The Nikkei Asia အွန်လိုင်းသတင်းတွင် “Japan to buy another 20m barrels of UAE oil to bypass Hormuz blockade” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင်အရေးပါသည့် ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်း၍ ကုန်စည်များသယ်ယူပို့ဆောင်ရန် ခက်ခဲလျက်ရှိသည့်အတွက် ဂျပန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်မလိုဘဲ ရေနံထောက်ပံ့ပို့ဆောင်နိုင်မည့် အခြားသောလမ်းကြောင်းများကို ရှာဖွေလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံသည် ယူအေအီးနိုင်ငံထံမှ ရေနံစိမ်းစည်ပေါင်း ၂၀ သန်းထပ်မံဝယ်ယူရန်သဘောတူညီခဲ့ကြောင်း၊ အဆိုပါသဘောတူညီချက်သည် ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Ryosei Akazawaနှင့် ယူအေအီးနိုင်ငံ၊ စက်မှုဝန်ကြီးတို့သည် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက်ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ရေနံစိမ်းတင်သွင်းမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို ယူအေအီးနိုင်ငံမှ တင်သွင်းလျက်ရှိကြောင်း၊ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတစ်ခုဖြစ်သည့် ယူအေအီးနိုင်ငံသည် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ထံမှ နှုတ်ထွက်ခဲ့ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရေနံထုတ်လုပ်မှုကို တဖြည်းဖြည်းချင်းတိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်း၊ သို့ဖြစ်ရာ ဂျပန်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် လမ်းစဖြစ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ၂၀၂၅ ခုနှစ်အတွင်း တစ်ရက်လျှင် ပျမ်းမျှရေနံစိမ်းစည်ပေါင်း ၂.၃၆ သန်းအသုံးပြုခဲ့သည်ဟု ဂျပန်နိုင်ငံ၊ စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ယူအေအီးနိုင်ငံထံမှ ယခုဝယ်ယူမည့်ပမာဏသည် ၂၀၂၅ ခုနှစ်အတွင်းဂျပန်နိုင်ငံအနေဖြင့် နေ့စဉ်ပျမ်းမျှအသုံးပြုခဲ့သည့် ရေနံစိမ်းအသုံးပြုမှုနှုန်းကို အခြေခံ၍ တွက်ချက်မည်ဆိုပါက ပြည်တွင်းတွင် ပျမ်းမျှ ၈ ရက်မှ ၉ ရက်အထိအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယူအေအီးနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ Fujairah ဆိပ်ကမ်း သည် အိုမန်ပင်လယ်ကွေ့ပေါ်တွင်တည်ရှိသောကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်မလိုဘဲ ရေနံစိမ်းများတင်ပို့နိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် ယခုကဲ့သို့ ရေနံစိမ်းဝယ်ယူရရှိနိုင်မည့် နိုင်ငံများပြောင်းလဲလုပ်ဆောင်မှုများသည် အရှေ့အလယ်ပိုင်းဒေသအတွင်း တည်ငြိမ်မှုများအပေါ် များစွာမူတည်လျက်ရှိကြောင်း၊ ပြီးခဲ့သည့်တနင်္လာနေ့ကလည်း Fujairah ရှိ ရေနံသိုလှောင်ရုံများကို အီရန်နိုင်ငံက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်ဟု အာရပ်စော်ဘွားများပြည်ထောင်စု၏ အာဏာပိုင်များက ပြောကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် ရေနံလိုအပ်ချက်၏ ၉၀ ရာခိုင်နှုန်းကျော်ကို အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းနေရခြင်းဖြစ်ရာ လက်ရှိဖြစ်ပွားနေသည့်အခြေအနေများကြောင့် ပြည်တွင်းတွင် လောင်စာဆီလိုအပ်ချက်ဖူလုံစေရန် အခြားသောရေနံထုတ်လုပ်ထွက်ရှိသည့်နိုင်ငံများထံမှ ဝယ်ယူရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံသည် မက္ကဆီကိုနိုင်ငံထံမှ ရေနံစိမ်းစည်ပေါင်း ၁ သန်းဝယ်ယူရန် ပြီးခဲ့သည့်လအတွင်း သဘောတူညီချက်ရရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ယခုလအတွင်း ပြည်တွင်းသုံးစွဲမှုအတွက် လိုအပ်သည့်လောင်စာဆီပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန် မလိုသောလမ်းကြောင်းများမှ တင်သွင်းမည်ဖြစ်ပြီး ကျန်ရှိသော ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းတွင် အရန်အဖြစ် သိုလှောင်ထားရှိသည့် လောင်စာဆီများမှ ထုတ်ယူသုံးစွဲမည်ဟု အစိုးရက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

Source: https://asia.nikkei.com/business/markets/commodities/japan-to-buy-another-20m-barrels-of-uae-oil-to-bypass-hormuz-blockade

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan