Singapore

စင်ကာပူနိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်က စားသုံးသူအကာအကွယ်ပေးရေးလုပ်ပိုင်ခွင့်များကို တိုးချဲ့ချမှတ်

Last Updated:

စင်ကာပူနိုင်ငံ၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်(Competition and Consumer Commission of Singapore-CCCS) က ၎င်း၏ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ပါသည်။ ယှဉ်ပြိုင်မှုအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအသက်ဝင်မှုနှင့်အတူ Enterprise Singapore တွင်ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကုန်စည်များဘေးကင်းရေးနှင့် ကုန်စည်များ၏ စံနှုန်းများကို တိုင်းတာခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းစဉ်များ(legal metrology functions)ကို CCCS သို့လွှဲပြောင်းဆောင်ရွက်စေမည်ဖြစ်ပါသည်။

စားသုံးသူကုန်စည်ဘေးကင်းရေးရုံး(Consumer Product Safety Office-CPSO)နှင့်အလေးချိန်နှင့်တိုင်းတာရေးရုံး (Weights and Measures Office-WMO)တို့သည် CCCS သို့ အစီရင်ခံတင်ပြရမည်ဖြစ်ပြီး စားသုံးသူများကို အကာ အကွယ်ပေးရေးကိစ္စရပ်များတွင် အေဂျင်စီ၏လုပ်ထုံးလုပ်နည်းဆိုင်ရာကြီးကြပ်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ပါ သည်။ စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများသည် မျှတသည့်ကုန်သွယ်မှုအလေ့အကျင့်များ၊ စားသုံးသူကုန်စည်များဘေးကင်းရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ အလေးချိန်နှင့်တိုင်းတာမှုဆိုင်ရာ လိုက်နာရမည့်စည်းကမ်းများနှင့်စပ်လျဉ်း၍ CCCS သို့ ဆက်သွယ်နိုင်မည်ဖြစ်ပါသည်။

CCCS ၌ စားသုံးသူအကာအကွယ်ပေးရေး၊ ကုန်စည်များ၏စံနှုန်းများကို တိုင်းတာခြင်းနှင့်စပ်လျဉ်းသည့် ဥပဒေပိုင်းဆိုင်ရာလုပ်ငန်းစဉ်များနှင့် ယှဉ်ပြိုင်မှုလုပ်ငန်းစဉ်များကို တစ်စုတစ်စည်းတည်းပေါင်းစည်းခြင်းသည် အေဂျင်စီ၏ ရည်မှန်းချက်ဖြစ်သည့် စင်ကာပူနိုင်ငံ၏ဈေးကွက်ကောင်းမွန်စွာလည်ပတ်ရေးဖြစ်စေရေး အလေးပေးဆောင်ရွက်မှု ဖြစ်ပါသည်။ စင်ကာပူနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ကုန်စည်များရောင်းချရာတွင် လိုအပ်သည့်ဘေးကင်းရေးစံနှုန်းများကို ပြည့်မီရမည်ဖြစ်ပြီး တိကျသည့်တိုင်းတာမှုများကို ချမှတ်ရမည်ဖြစ်ပါသည်။ ထိုသို့စံနှုန်းသတ်မှတ်ချက်များကို လိုက်နာခြင်းသည် မျှတသည့်ယှဉ်ပြိုင်မှုကိုဖြစ်ပေါ်စေပြီး စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် ပိုမိုကောင်းမွန်သည့်အခွင့်အလမ်းများလည်းဖြစ်ပါသည်။ CCCS အနေဖြင့် ဈေးကွက်ခိုင်မာရေး၊ စီးပွား ရေးတွင် တီထွင်ဆန်းသစ်မှုများကို မြှင့်တင်ရေးနှင့် စီးပွားရေးအချက်အချာကျသည့်နေရာတစ်ခုအဖြစ် စင်ကာပူနိုင်ငံ၏ရပ်တည်ချက်ကို ပိုမိုအဆင့်မြှင့်နိုင်မည့် ယုံကြည်စိတ်ချရသော ကုန်သွယ်မှုဝန်းကျင်ကို အားပေးမြှင့်တင်ရေးဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

CCCS နှင့် Enterprise Singapore တို့သည် လွှဲပြောင်းရေးလုပ်ငန်းစဉ်များအတွက် အတူတကွပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ လိုအပ်သည့်အချက်အလက်များ၊ မှတ်ပုံတင်များနှင့် CPSO နှင့် WMO တို့က ထုတ်ပေးသည့် အသိအမှတ်ပြုလက်မှတ်များသည် CCCS ၏ စီမံအုပ်ချုပ်မှုတွင် ဆက်လက်အကျုံးဝင်မည်ဖြစ်ပါသည်။

“CCCS တွင် စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းစဉ်များပေါင်းစည်းခြင်းသည် စင်ကာပူနိုင်ငံ၏ စားသုံးသူအကာအကွယ်ပေးရေးမူဘောင်ကို ခိုင်မာအားကောင်းစေရေး သိသာထင်ရှားသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ထုံးလုပ်နည်းမူဘောင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ အကူးအပြောင်းလုပ်ငန်းစဉ်များ ချောမွေ့စေရန်နှင့် စင်ကာပူနိုင်ငံ၏ ဂုဏ်သတင်းနှင့် ဈေးကွက်ကောင်းမွန်မှုကိုမြှင့်တင်ရန်အတွက် သက်ဆိုင်ရာလူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း” CCCS ၏အမှုဆောင်ချုပ်  Mr. Alvin Ko က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        စင်ကာပူနိုင်ငံ၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore