Japan

ဂျပန်နိုင်ငံတွင် ကုန်သွယ်မှုလိုငွေ ကျဆင်းခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် စာရင်းရှင်စာရင်း (Current Account) ပိုငွေမှာ ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံ၏စာရင်းရှင်စာရင်း(Current Account)ပိုငွေမှာ ယန်း ၈.၀၁ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံ)ရှိခဲ့ပြီး ယန်းငွေတန်ဖိုးကျဆင်းမှုကြောင့် ရင်းနှီးမြှုပ်နှံမှုများစံချိန်တင်များပြားခဲ့ခြင်းနှင့် ကုန်သွယ်မှုလိုငွေကျဆင်းခဲ့ခြင်းတို့ကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက စာရင်းရှင်စာရင်းပိုငွေမှာ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ ၂ နှစ်တာလကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၃ ခုနှစ် ဇွန်လတွင် ဂျပန်နိုင်ငံ၌ ကုန်သွယ်မှုပိုငွေဖြစ်ပေါ်ကာ ယန်း ၃၂၈.၇ ဘီလီယံရှိခဲ့ကြောင်း၊ ထိုသို့ကုန်သွယ်မှုပိုငွေဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက စာရင်းရှင်စာရင်းပိုငွေမှာ ၃ ဆနီးပါးရှိခဲ့ပြီး ယန်း ၁.၅၁ ထရီလီယံရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လတွင် စာရင်းရှင်စာရင်း ပိုငွေများပြားခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် စာရင်းရှင်စာရင်းပိုငွေဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့ရသည့် ကုန်ကြမ်းရရှိမှုအခက်အခဲများမှာ ပြန်လည်ကောင်းမွန်လာပြီး ပို့ကုန်တင်ပို့မှုအားကောင်းလာသော်လည်း လောင်စာဆီ၊ ကုန်ကြမ်းများနှင့် အခြားသောကုန်စည်များ တင်သွင်းမှုများပြားခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း သွင်းကုန်တင်သွင်းမှုပမာဏလျော့နည်းခဲ့ခြင်းနှင့် မော်တော်ယာဉ်တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် စုစုပေါင်းပို့ကုန်တင်ပို့မှုပမာဏများပြားခဲ့ခြင်းတို့ကြောင့် အဆိုပါကာလအတွင်း ဂျပန်နိုင်ငံ၏ကုန်သွယ်မှုလိုငွေမှာ ၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယန်း ၅.၁၈ ထရီလီယံရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် လောင်စာဆီဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် သွင်းကုန်တင်သွင်းမှုမှာ ၀.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၅၂.၅၈ ထရီလီယံရှိခဲ့ကြောင်း၊ ပို့ကုန်တင်ပို့မှုမှာ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယန်း ၄၇.၄၀ ထရီလီယံရှိခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း ဂျပန်နိုင်ငံ၌ အဓိကဝင်ငွေရရှိခဲ့ခြင်းမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကြောင့်ဖြစ်ပြီး ယန်း ၁၇.၅၃ ထရီလီယံရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ၆ လတာကာလအတွင်း ယန်းနှင့်ဒေါ်လာပျမ်းမျှငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၄.၉၂ ယန်းရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၉.၆ ရာခိုင်နှုန်း များပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ယန်းငွေတန်ဖိုးကျဆင်းခဲ့ခြင်းကြောင့် သွင်းကုန်တင်သွင်းရာတွင် ကုန်ကျစရိတ်မြင့်မားခဲ့သော်လည်း ဂျပန်ကုမ္ပဏီများ၏ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ ရရှိသည့်အမြတ်ငွေများ ပိုမိုများပြားစေခဲ့ကြောင်း၊ ကိုဗစ် -၁၉ ကပ်ရောဂါနှင့်စပ်လျဉ်း၍ ဖြေလျှော့မှုများဆောင်ရွက်ပြီးနောက် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာချိန်တွင် ယန်းငွေတန်ဖိုး ကျဆင်းလျက်ရှိခြင်းကြောင့် နိုင်ငံခြားသားများ၏ ဝယ်လိုအားလည်းမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ခရီးသွားကဏ္ဍမှ ယန်း ၁.၆၁ ထရီလီယံရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၂ ဆကျော်များပြားခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍတွင် လိုငွေဖြစ်ပေါ်မှုကို လျော့ကျစေခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှအပ အခြားသောကမ္ဘာ့နိုင်ငံများတွင် အတိုးနှုန်းအဆမတန်မြင့်တက်ခဲ့ခြင်းကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးလာနိုင်ပြီး ဂျပန်နိုင်ငံ၏ ပို့ကုန်တင်ပို့နိုင်မှုအပေါ်လည်း စိုးရိမ်လျက်ရှိကြောင်း၊ ကုန်စည်ဈေးနှုန်းမြင့်တက်မှုကြောင့် ဂျပန်နိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်တက်နေသော်လည်း ပြည်တွင်းဝယ်လိုအား အားကောင်းနေခြင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ များပြားလာခြင်းတို့သည် ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အပံ့ဖြစ်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများမှ အများဆုံးတင်သွင်းလျက်ရှိသည့် အဓိကကုန်စည်များဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့ရည်(LNG)နှင့် ကျောက်မီးသွေးတို့တင်သွင်းမှုမှာ ကျဆင်းခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ သွင်းကုန်တင်သွင်းမှုစုစုပေါင်းမှာ ကျဆင်းခဲ့ကာ ကုန်သွယ်မှုလိုငွေလျော့နည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် စာရင်းရှင်စာရင်း(Current Account)ပိုငွေများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။

Source : The Kyodo News (၈-၈-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan