Japan

၂၀၂၂ ဘဏ္ဍာနှစ်အတွက် ဂျပန်နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့ပြီး စံချိန်တင် အနည်းဆုံးနှုန်းနီးပါးသို့ ရောက်ရှိခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ ကယ်လိုရီစားသုံးမှုအပေါ် အခြေခံတွက်ချက်သည့် စားနပ်ရိက္ခာဖူလုံမှုနှုန်းမှာ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၃၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက နှုန်းထားပြောင်းလဲမှုမရှိသော်လည်း ၂၀၂၀ ဘဏ္ဍာနှစ်တွင်ရှိခဲ့သော စံချိန်တင်အနည်းဆုံးနှုန်းထားဖြစ်သည့် ၃၇ ရာခိုင်နှုန်းနီးပါးသို့ရောက်ရှိခဲ့ကြောင်း ဩဂုတ်လ ၇ ရက်နေ့တွင် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် စားနပ်ရိက္ခာဖူလုံမှုနှုန်းမှာ စံချိန်တင်အနည်းဆုံးနှုန်းနီးပါးသို့ ရောက်ရှိခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံတွင် စားနပ်ရိက္ခာဖူလုံမှုမြှင့်တင်နိုင်ရေးဖိအားများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ၂၀၂၂ ဘဏ္ဍာနှစ်တွင် စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုပမာဏမှာ ၅၈ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၁ ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အဆိုပါနှုန်းမှာ ၁၉၆၅ ခုနှစ်မှစ၍ အနည်းဆုံးနှုန်းထားဖြစ်ကြောင်း၊ ကမ္ဘာ့ကောက်ပဲသီးနှံဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းလာခြင်းတို့သည် သွင်းကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေကြောင်း ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် မွေးမြူရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ကယ်လိုရီစားသုံးမှုအပေါ်အခြေခံ၍ တွက်ချက်မှုအရ စားနပ်ရိက္ခာဖူလုံမှုနှုန်းကျဆင်းခဲ့ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများတွင် စားနပ်ရိက္ခာဖူလုံမှုနှုန်းအနည်းဆုံးနှုန်းထားရှိသည့်နိုင်ငံများထဲတွင် အပါအဝင်ဖြစ်ခဲ့ကြောင်း၊ ၂၀၃၀ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုနှုန်းကို ၄၅ ရာခိုင်နှုန်းသို့ ရောက်ရှိစေရန် အစိုးရ၏ကြိုးပမ်းမှုများအပေါ်လည်း စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ကောက်ပဲသီးနှံအဓိကထုတ်လုပ်သည့် ယူကရိန်းနှင့်ရုရှားတို့အကြား ပဋိပက္ခဖြစ်ပွားမှုများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုတို့သည် စားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် စားနပ်ရိက္ခာထုတ်လုပ်နိုင်မှုပမာဏကို ၂၀၃၀ ဘဏ္ဍာနှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ငါးနှင့်ခရုဖမ်းဆီးရရှိမှုမှာ လျော့နည်းခဲ့သည့်အပြင် ဂျုံစိုက်ပျိုးထုတ်လုပ်နိုင်မှုမှာလည်း ကျဆင်းခဲ့ကြောင်း၊ ပြည်ပမှ ဝယ်ယူတင်သွင်းရပြီး ဂျပန်နိုင်ငံသားများ အများဆုံးစားသုံးကြသည့် ထောပတ်နှင့်ဒိန်ခဲကဲ့သို့သော အဆီနှင့် ဆီများစားသုံးမှုမှာလည်း ကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုအချိုး ဆယ်စုနှစ်များစွာ ကျဆင်းနေရခြင်းမှာ ဂျပန်နိုင်ငံသားများ၏ စားသောက်နေထိုင်မှုပုံစံအပေါ်လည်း မူတည်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းဆန်စားသုံးမှုကျဆင်းလာပြီး အသားစားသုံးမှုမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ စားနပ်ရိက္ခာဖူလုံမှုနှုန်းကို စားသောက်ကုန်အမျိုးအစားအလိုက်ကြည့်မည်ဆိုပါက ဆန်ဖူလုံမှုနှုန်းမှာ ၉၈ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ပြီး၊ ဂျုံဖူလုံမှုနှုန်းမှာ ၁၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ပဲပုပ်စေ့ဖူလုံမှုနှုန်းမှာ ၇ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဟင်းသီးဟင်းရွက်ဖူလုံမှုနှုန်းမှာ ၈၀ ရာခိုင်နှုန်းမှ ၇၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ ခရုနှင့်ပင်လယ်ငါးဖူလုံမှုနှုန်းမှာ ၅၈ ရာခိုင်နှုန်းမှ ၅၄ ရာခိုင်နှုန်းသို့လည်းကောင်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးနှင့်စွမ်းအင်လုံခြုံရေးကဲ့သို့သော အမျိုးသားလုံခြုံရေးအတွက် အရေးပါသည့် အရင်းအမြစ်များဖူလုံမှုရှိစေရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိတွင် နိုင်ငံအတွင်း စားနပ်ရိက္ခာလိုအပ်ချက်၏ ၆၀ ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရကာ ပြည်ပမှ စားသောက်ကုန်များတင်သွင်းနိုင်မှုအပေါ် အလွန်အမင်းမှီခိုအားထားနေရသည့်အတွက် စားနပ်ရိက္ခာအရင်းအမြစ်များ ပြောင်းလဲရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ပမှ တင်သွင်းမှုကို အလွန်အမင်းအားထားနေရသည့် ကုန်စည်များအား ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေရေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် ပြည်ပမှ သွင်းကုန်များရရှိနိုင်မှုသေချာစေရေးနှင့် ပြည်တွင်း၌ ဝယ်ယူရန်ခက်ခဲသည့် ကုန်စည်များကို ပြည်ပမှဝယ်ယူကာ နိုင်ငံတော်အရန်ရိက္ခာများကိုလည်း လုံလောက်စွာ ဖြည့်ဆည်းထားရှိနိုင်ရေး၊ ပြည်တွင်း၌ ဆန်နှင့်စားနပ်ရိက္ခာများထုတ်လုပ်မှုကို ချဲ့ထွင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Kyodo News (၇-၈-၂၀၂၃) 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan