Japan

ဇီဝလောင်စာနှင့် Hybrid Vehicles အသုံးပြုမှု မြှင့်တင်နိုင်ရေးအတွက် ဂျပန်-ဘရာဇီးသဘောတူညီခဲ့

Last Updated:

ဇီဝလောင်စာနှင့် Hybrid Vehicles ကို ပိုမိုကျယ်ပြန့်စွာသုံးစွဲခြင်းခြင့် ကာဗွန်ကင်းစင်ရေးလုပ်ငန်းများတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်သွားကြရန် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုခီရှိဒနှင့် ဘရာဇီးသမ္မတ Luiz Inacio Lula da Silva တို့အကြား သဘောတူညီမှုရရှိခဲ့ပါသည်။

အဆိုပါသတင်းတွင် တရားဥပဒေစိုးမိုးမှုကို အခြေခံသည့် နိုင်ငံတကာစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ရေးနှင့် အားကောင်းစေရေး၏အရေးပါမှုကို နှစ်ဖက်ခေါင်းဆောင်များအကြား ထပ်လောင်းအတည်ပြုခဲ့ကြကြောင်းနှင့်ဂျပန်နိုင်ငံအနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံအပေါ် ဘရာဇီးနိုင်ငံမှ မှီခိုနေရမှုကို ကာကွယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို ဖြန့်ကျက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နှင့်ဘရာဇီးနိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်သွားမည့် နယ်ပယ် ၁၀ ခုရှိပြီး၊ ရေရှည်တည်တံ့သည့် လောင်စာဆီအသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေးမူဘောင်အပါအဝင် ကာဗွန်ကင်းစင်ရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဘရာဇီးနိုင်ငံသည် အမေရိကန်ပြီးပါက ကြံနှင့်အခြားသောကုန်ကြမ်းများမှ ဇီဝအီသနော(Bioethanol)ကမ္ဘာ့ဒုတိယအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပါကြောင်း၊ ဂျပန်နှင့်ဘရာဇီးနိုင်ငံတို့အနေဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်အသုံးပြုထုတ်လုပ်မည့် ဓာတုလောင်စာဆီအပါအဝင် အခြားသောရေရှည်တည်တံ့သည့် လောင်စာဆီများနှင့်ဇီဝအီသနော(Bioethanol)အသုံးပြုမှုကို မြှင့်တင်နိုင်ရေး သဘောတူညီမှုရရှိခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်ခြင်းကဲ့သို့သော သယ်ယူပို့ဆောင်ရေးကဏ္ဍဆိုင်ရာ အားသာချက်များရှိပါကြောင်း၊ ဇီဝအီသနော(Bioethanol)ကို ရေရှည်တည်တံ့သည့် လေယာဉ်ဆီထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကမ္ဘာ့ဈေးကွက်သို့ ချဲ့ထွင်နိုင်ရေး မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာတစ်ဝန်းတွင် လျှပ်စစ်ယာဉ်အသုံးပြုမှုကျယ်ပြန့်လာသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အားသွင်းသည့်အခြေခံအဆောက်အဦများ တည်ဆောက်မှုကုန်ကျစရိတ်မှာ များပြားသည့်အပြင် အချိန်ယူဆောင်ရွက်ရလျက်ရှိသည့်အတွက် Hybrid Vehicles နှင့် ဇီဝလောင်စာကို ပြောင်းလဲသုံးစွဲရန် လိုအပ်လျက်ရှိကြောင်း၊ ထိုသို့ ပြောင်းလဲသုံးစွဲကြရန်အတွက် လာမည့်နိုဝင်ဘာလတွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နှင့် ဘရာဇီးနိုင်ငံတို့အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်လာရန် မျှော်လင့်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် Toyota Motor နှင့် Honda Motor တို့အနေဖြင့် ဘရာဇီးနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများအမြောက်အမျာပြုလုပ်ခဲ့ကြကြောင်းနှင့် စက်မှုကဏ္ဍ၌ အလားတူထပ်မံ၍ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအားကောင်းစေရန် မျှော်လင့်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

Source:  The Nikkei Asia (၄-၅-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan