India (Delhi)

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)ထုတ်လုပ်မှုကို တိုးချဲ့ရန်လိုအပ်ကြောင်း ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအဖွဲ့ SEMI က ပြောကြား

Last Updated:

အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် လာမည့်ဆယ်စုနှစ်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍပိုမိုဖွံ့ဖြိုးလာစေရန်နှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ စိန်ခေါ်မှုများကို လျှော့ချရန်အတွက် ထုတ်လုပ်ရေးစက်ရုံများ(Semi conductor Fabrication Plants)ပိုမိုတည်ဆောက်ရန် ရည်မှန်းထားသင့်ပါကြောင်း ကမ္ဘာ့ချစ်ပ်(Chip)လုပ်ငန်းစုကြီးဖြစ်သည့် SEMI ၏အကြီးအကဲက ၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

၂၀၂၉ ခုနှစ်တွင် အာရှတိုက်အတွင်း စက်ရုံအသစ် ၆၄ ခု စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ၎င်းတို့အနက် စက်ရုံ ၆ ခုသာအရှေ့တောင်အာရှဒေသတွင်ရှိနေပြီး ကျန်စက်ရုံအများစုမှာ တရုတ်နှင့် ထိုင်ဝမ်တို့တွင်သာစုပြုံနေကြောင်း SEMI ၏အမှုဆောင်အရာရှိချုပ် Ajit Manocha က ပြောကြားခဲ့သည်။

ပထဝီဝင်အနေအထားအရ ကွဲပြားမှုမရှိဘဲ တစ်နေရာတည်းတွင် စုပြုံနေခြင်းသည် ပထဝီနိုင်ငံရေးပြဿနာများနှင့် အခြားအားနည်းချက်များကြောင့် လုပ်ငန်းကဏ္ဍအတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ကွာလာလမ်ပူတွင်ပြုလုပ်သည့် စက်မှုဖိုရမ်တစ်ခု၌ ပြောကြားခဲ့သည်။

"၎င်းတို့အနေဖြင့် စိတ်တူကိုယ်တူရှိသောနိုင်ငံများတွင် အချက်အချာကျသည့် ထုတ်လုပ်မှုဗဟိုဌာနများ(Hubs)ပိုပြီးပေါ်ထွက်လာခြင်းကို တွေ့မြင်ချင်ပါကြောင်း၊ သို့မှသာ အန္တရာယ်ရှိနိုင်တဲ့ အားနည်းချက်တွေကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အဆိုပါကဏ္ဍတွင် ပါဝင်လာရန် အမှန်တကယ်ကို အရေးကြီးပါကြောင်း" ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။

SEMI အဖွဲ့အစည်းသည် Intel နှင့် AMD ကဲ့သို့သောအဓိကဒီဇိုင်းကုမ္ပဏီများနှင့် ထုတ်လုပ်သူများအပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၃,၀၀၀ ခန့်ကို ကိုယ်စားပြုထားပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

COVID-19 ကပ်ရောဂါအပါအဝင် အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှုများမှ ဖြစ်ပေါ်လာသော ပို့ကုန်ကန့်သတ်ချက်များကြောင့် ကမ္ဘာလုံးဆိုင်ရာ တစ်ပိုင်းလျှပ်ကူးပစ္စည်းထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ရာ ယင်းသည် အဆင့်မြင့်ချစ်ပ်ထုတ်လုပ်မှုကို အာရှဒေသအချို့တွင်သာ စုပြုံထားခြင်း၏ အန္တရာယ်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

Source: Southeast Asia needs to expand semiconductor production, global trade group SEMI says: The Economic Times

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)