Russia

ရုရှားနိုင်ငံထုတ် ဂျုံဈေးသည် ကမ္ဘာ့ပေါက်ဈေးနှင့်အညီ ကျဆင်းခဲ့သည်

Last Updated:

ရုရှား၏ဂျုံတင်ပို့ဈေးနှုန်းများသည် ကမ္ဘာ့ဈေးနှုန်းများကျဆင်းလာမှုနှင့်အတူ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျဆင်းခဲ့ကြောင်း၊ မကြာမီကာလအတွင်း ဈေးနှုန်းများပြန်လည်မြင့်တက်လာမည်ဟု ညွှန်ပြနေသောအချက်များ မတွေ့ရသေးကြောင်း ဈေးကွက်လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

IKAR အတိုင်ပင်ခံအဖွဲ့၏ အကြီးအကဲ Dmitry Rylko ၏ပြောကြားချက်အရ၊ ပရိုတင်း ၁၂.၅ ရာခိုင်နှုန်းပါဝင်သော ရုရှားဂျုံ၏ FOB(Free-On-Board)တင်ပို့ဈေးနှုန်းသည် ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအစပိုင်းပို့ဆောင်မည့်အတွက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃ ကျဆင်းပြီး ၂၄၂ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။

ထို့အပြင် အသစ်ရိတ်သိမ်းမည့် သီးနှံ(new-crop wheat)အတွက် ဇူလိုင်လ ဒုတိယနှစ်ဝက်မှ သြဂုတ်လအစပိုင်းအထိပို့ဆောင်မည့် FOB ဈေးနှုန်းမှာလည်း တစ်တန်လျှင် ၂ဒေါ်လာကျဆင်းပြီး ၂၄၂ ဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

IKAR ၏ခန့်မှန်းချက်အရ ရုရှားနိုင်ငံ၏ မေလဂျုံတင်ပို့မှုပမာဏမှာ တန်ချိန် ၃.၄ သန်းခန့်ရှိခဲ့သည်။ ဇွန်လတွင် ဂျုံတင်ပို့မှုပမာဏသည် တန်ချိန် ၂.၅ သန်းထက်မပိုနိုင်ဟု မျှော်မှန်းထားသည်။ ထို့အပြင် IKAR သည် ၂၀၂၆ ခုနှစ် ရုရှားဂျုံထွက်ရှိမှုခန့်မှန်းချက်ကို တန်ချိန် ၁.၅ သန်းတိုးမြှင့်ပြင်ဆင်ထားသည်။

Sovecon အတိုင်ပင်ခံအဖွဲ့ကလည်း ပရိုတင်း ၁၂.၅ ရာခိုင်နှုန်းပါ ရုရှားဂျုံ၏ FOB ဈေးနှုန်းကို ပြီးခဲ့သည့် သီတင်း ပတ်တွင် တစ်တန်လျှင် ၂၄၂ မှ ၂၄၄ ဒေါ်လာအတွင်းရှိကြောင်းဖော်ပြခဲ့ပြီး၊ ယခင်သီတင်းပတ်က ၂၄၃ မှ ၂၄၅ ဒေါ်လာအတွင်းရှိခဲ့သည်ဟု ဆိုသည်။

Sovecon ၏ အကြီးအကဲ Andrey Sizov က - "Futures ဈေးကွက်တွင် အရောင်းဖိအားများကြောင့် ကမ္ဘာ့ FOB ဈေးနှုန်းများကျဆင်းခဲ့သည်။ ပြည်တွင်းဈေးနှုန်းများ ပျော့ပျောင်းလာခြင်းနှင့် ရူဘယ်ငွေကြေးအားနည်းလာခြင်းတို့ကြောင့် ရုရှား FOB ဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။" ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ - "ပင်လယ်နက်ဒေသ(Black Sea Region)တွင် အခြေအနေများတည်ငြိမ်မှုမရှိသေးသော်လည်း ဈေးကွက်က ထိုဖြစ်ရပ်များကို အများအားဖြင့် လျစ်လျူရှုထားဆဲဖြစ်သည်။" ဟုဆိုသည်။

၎င်းသည် ကုန်တင်သင်္ဘောများတိုက်ခိုက်ခံရမှုများနှင့် ရိုမေးနီးယားနိုင်ငံ Constanța ဆိပ်ကမ်းအနီးဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

Sovecon သည် မေလ ဂျုံတင်ပို့မှု ခန့်မှန်းချက်ကို ယခင်အပတ်ထက် တန်ချိန် ၁ သိန်း (0.1 million tons) တိုးမြှင့်ကာ တန်ချိန် ၃.၁ သန်းအထိ ပြင်ဆင်ထားသည်။ ထို့ပြင် ဇွန်လအတွက် ဂျုံတင်ပို့မှုကို တန်ချိန် ၂.၅ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

Source : https://www.brecorder.com

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia