ဗီနီဇွဲလားနိုင်ငံ၌ မကြာသေးမီကပြုလုပ်ခဲ့သော အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးကြောင့် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်တွင် စစ်ရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ နယ်ပယ်သုံးခုတွင် ကမ္ဘာလုံးဆိုင်ရာ မရေမရာမှုများကို ပိုမိုဆိုးရွားလာစေနိုင်သည်ဟု ထိုင်းဘဏ်က ခန့်မှန်းထားကြောင်း ဗန်ကောက်ပို့စ် သတင်းစာတွင် “Central Bank anticipates growing uncertainty” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
အမေရိကန်၏လုပ်ဆောင်ချက်သည် ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်ကို တိုးမြင့်စေပြီး စစ်ရေး၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ ကဏ္ဍများတွင် မရေမရာမှုများကို ပိုမိုဆိုးရွားလာစေနိုင်ဖွယ်ရှိကြောင်း၊ ကမ္ဘာသည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် စစ်ရေးအင်အားအသုံးပြုမှုမြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော တင်းမာမှုများနှင့် ရင်ဆိုင်နေရပြီး အမေရိကန်သည် ကမ္ဘာ့လုံခြုံရေးစံနှုန်းများကို ပြန်လည်ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် နိုင်ငံတကာတွင် မရေရာမှုများကို ပိုမိုဆိုးရွားစေပါကြောင်း၊အမေရိကန်၏လုပ်ဆောင်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးပဋိပက္ခ၏ အဆင့်သစ်တစ်ခုကို စတင်နိုင်ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်ကုန်သွယ် ရေးမူဝါဒများသည် ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှုကွန်ရက်များနှင့် နိုင်ငံတကာကုန်သွယ်ရေးဖွဲ့စည်းပုံများတွင် ကျယ်ကျယ်ပြန့်ပြန့်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ငွေကြေးတည်ငြိမ်မှုဆိုင်ရာ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ငွေကြေးမူဝါဒကော်မတီ (MPC) အဖွဲ့ဝင် Mr. Piti Disyatat က ပြောကြားခဲ့ပါသည်။
ဘဏ္ဍာရေးရှုထောင့်မှကြည့်ပါက စစ်ရေးစစ်ဆင်ရေးသည် ကမ္ဘာလုံးဆိုင်ရာငွေကြေးမူဝါဒနှင့် ဘဏ္ဍာရေးဈေးကွက် များတွင် မတည်ငြိမ်မှုအန္တရာယ်ကို မြင့်တက်စေနိုင်ပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌရာထူးအပြောင်းအလဲရှိမည်ဟု မျှော်လင့်ရကြောင်း၊ နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ဘဏ္ဍာရေးအခြေအနေများအတွက် သိသာထင်ရှားသည် သက်ရောက်မှုများရှိနိုင်ပြီး MPC သည် အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန်ကြား တင်းမာမှုများနှင့်ပတ်သက်၍ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှစ်ခုကြား ဆက်ဆံရေးသည် အာရှအပေါ် တိုက်ရိုက်သက်ရောက်မှုများရှိကြောင်း၊ ဗဟိုဘဏ်သည် အလားအလာရှိသော သက်ရောက်မှုများကို အကဲဖြတ်ရန် ဖွံ့ဖြိုးတိုးတက်မှုများကို စောင့်ကြည့်နေကြောင်းပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယိုယွင်းမှုများသည် စီးပွားရေးအချက်များထက် ပိုမိုအလေးသာလျက်ရှိပြီး အလျင်အမြန်ပြောင်းလဲနေသော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ထင်ဟပ်စေပါကြောင်း၊ ပထဝီနိုင်ငံရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများသည် ဒေသတွင်းနှင့် စီးပွားရေးရလဒ်များကို ပုံဖော်ရာတွင် ပိုမိုလွှမ်းမိုးမှုရှိလာပါကြောင်း၊ ဗင်နီဇွဲလားကို အမေရိကန်က စီးနင်းတိုက်ခိုက်နေသော်လည်း MPC သည် ထိုင်းစီးပွားရေးကို ထောက်ပံ့ရန်အတွက် ငွေကြေးဆိုင်ရာလိုက်လျောညီထွေ ဖြစ်အောင်လုပ်ဆောင်သည့် ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ စီးပွားရေးနှေးကွေးမှုနှင့် အန္တရာယ်များမြင့်တက်လာမှုကို ထည့်သွင်းစဉ်းစားပါက ငွေကြေးအခြေအနေများသည် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန်နှင့် ထိခိုက်လွယ်သောအုပ်စုများ၏ အကြွေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရာတွင် အထောက် အကူဖြစ်စေရန်အတွက် ငွေကြေးမူဝါဒကို ပိုမိုလိုက်လျောညီထွေဖြစ်အောင်ပြုလုပ်နိုင်ကြောင်း Mr.Piti က ဆက်လက်ပြောကြားခဲ့သည်။
ပိုမိုလိုက်လျောညီထွေရှိသော ရပ်တည်ချက်သည် အခြားဘဏ္ဍာရေးဆိုင်ရာ အစီအမံများနှင့် အစိုးရမူဝါဒများ၏ ထိရောက်မှုကိုလည်း မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း၊ ငွေကြေးအဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်များအကြား အတိုးနှုန်းများသည် ယခင်မူဝါဒနှုန်းထားလျှော့ချမှုများနှင့်အညီ ကျဆင်းသွားခဲ့ပါကြောင်း၊ သို့သော် ငွေကြေးထောက်ပံ့မှုကုန်ကျစရိတ်များသို့ ကူးပြောင်းခြင်းသည် မတူညီသော စီးပွားရေးလုပ်ငန်းနှင့် အိမ်ထောင်စုကဏ္ဍများအလိုက်ကွဲပြားပါကြောင်း ကော်မတီက ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)