India (Delhi)

အိန္ဒိယ-အစ္စရေး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် စတင်အသက်ဝင်ခဲ့

Last Updated:

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် အိန္ဒိယ-အစ္စရေးနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်(Bilateral Investment Agreement-BIA)သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်းဖော်ပြထားပါသည်။

နှစ်နိုင်ငံအစိုးရတို့အကြား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် နယူးဒေလီမြို့၌ လက်မှတ်ရေးထိုးခဲ့သော နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်(BIA)သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင်အသက်ဝင်မည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါသည်။

အဆိုပါသဘောတူညီချက်သည် နှစ်နိုင်ငံစီးပွားရေးဆက်ဆံရေးကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံအကြား လုံခြုံပြီး ခန့်မှန်းနိုင်သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ဖော်ဆောင်ရန်ဖြစ်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဥပဒေ၏ ဖြစ်ပေါ်ပြောင်းလဲနေသောအခြေခံမူများနှင့်အညီ အစိုးရ၏တရားဝင်ပြည်သူ့မူဝါဒဆိုင်ရာ ရည်မှန်းချက်များကို ဆောင်ရွက် နိုင်ခွင့်(Policy Space)ကိုထိန်းသိမ်းထားရှိပြီး ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ခိုင်မာသော အကာအကွယ်များပေးနိုင်ရန် ရည်ရွယ်ပါသည်။ အဆိုပါသဘောတူညီချက်သည် နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်ရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန်ဖြစ်ကြောင်း မျှော်မှန်း ထားပါသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနှင့် အစ္စရေးတို့သည် လွတ်လပ်သောကုန်သွယ်မှုသဘော တူညီချက်(FTA) အတွက် ညှိနှိုင်းဆွေးနွေးရန် Terms of Reference-TOR ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Piyush Goyal က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများစတင်ရန်ဆုံးဖြတ်ခဲ့ကြောင်း ကြေညာခဲ့ပါသည်။

နှစ်နိုင်ငံအကြား စီးပွားရေးအရပူးပေါင်းဆောင်ရွက်ရန် "အကန့်အသတ်မရှိသော အလားအလာများနှင့် စွမ်းဆောင်ရည်များ" ရှိနေကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး မကြာမီတွင် ယင်းသဘောတူညီချက်နှင့်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်တို့သည် ပိုမိုကျယ်ပြန့်သော ဈေးကွက်ဝင်ရောက်ခွင့်၊ အရင်းအနှီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှုများတွင် တံခါးပွင့်သွားမည်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အတားအဆီးများကို ဖယ်ရှားပေးမည်ဖြစ်ပြီး စီးပွားရေးထိတွေ့ဆက်ဆံမှုများတွင် ခန့်မှန်းနိုင်မှုနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ပါသည်။

Source: India-Israel bilateral investment pact comes into force: The Economic Times: July 04, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)