အမေရိကန်သမ္မတ Donald Trump သည် နယူးဒေလီအနေဖြင့် ရုရှားမှ ရေနံအား ဆက်လက်ဝယ်ယူမှုအတွက် ဒဏ်ခတ်အရေးယူမှုအဖြစ် အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများအပေါ် နောက်ထပ် ၂၅ ရာခိုင်နှုန်း အကောက်ခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ယခုလ ၆ ရက်(ဗုဒ္ဓဟူးနေ့)တွင် အုပ်ချုပ်ရေးဆိုင်ရာအမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း ET Energy World သတင်းဌာနက ယခုလ ၆ ရက်တွင် ဖော်ပြထားသည်။
သမ္မတ Trump သည် ၎င်း၏မူလအကောက်ခွန်များအသက်ဝင်ရန် ၁၄ နာရီပင် မလိုတော့သည့်အချိန်တွင် နောက်ထပ်အကောက် ခွန်တိုးမြှင့်ကောက်ခံသည့် အဆိုပါအုပ်ချုပ်ရေးဆိုင်ရာအမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယကုန်ပစ္စည်းများအပေါ် သေးငယ်သောကင်းလွတ်ခွင့်စာရင်းမှလွဲ၍ စုစုပေါင်းအကောက် ခွန် ၅၀ ရာခိုင်နှုန်းအထိ စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယပို့ကုန်ပစ္စည်းများအပေါ် ကောက်ခံရန်သတ်မှတ်ထားသည့် မူလအခွန် ၂၅ ရာခိုင်နှုန်းသည် ယခုလ ၇ ရက်နေ့တွင် အသက် ဝင်မည်ဖြစ်ပြီး နောက်ထပ်အခွန်သည် ၂၁ ရက်အကြာတွင် အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
လေ့လာသုံးသပ်သူများက Trump ၏အဆိုပါလုပ်ရပ်သည် ၎င်းအနေဖြင့် ဇန်နဝါရီလတွင် ရာထူးပြန်လည်ရယူပြီးနောက်ပိုင်း အမေရိကန်-အိန္ဒိယဆက်ဆံရေးတွင် အဆိုးရွားဆုံးကျဆင်းလာမှုကို ပြသနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါအကောက်ခွန်များသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံနီးပါးတန်ဖိုးရှိသော ပို့ကုန်များကိုတင်ပို့ခဲ့သည့် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးပို့ကုန်ဈေးကွက်သို့ ဝင်ရောက်ခွင့်ကို ထိခိုက်စေနိုင်ပြီး အထည်အလိပ်၊ ဖိနပ်၊ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ ကဲ့သို့သောကဏ္ဍများကို ထိခိုက်စေမည်ဖြစ်ကြောင်း Reuters သတင်းဌာနက ယခုလ ၇ ရက်နေ့က ဖော်ပြထားသည်။
အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက အဆိုပါဆုံးဖြတ်ချက်ကို "လွန်စွာကံမကောင်း"သောဖြစ်ရပ် ဟုပြောကြားခဲ့ပြီး အခြားနိုင်ငံများစွာလည်း ၎င်းတို့၏အမျိုးသားစီးပွားရေးအကျိုးစီးပွားအတွက် ရုရှား ရေနံကို တင်သွင်းနေကြသည်ဟု ထောက်ပြပြောကြားသည်။
"အိန္ဒိယနိုင်ငံသည် ၎င်း၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်သောအဆင့်တိုင်းကို ဆောင်ရွက်သွားမည်"ဟုပြောကြားခဲ့ပြီး၊ အဆိုပါဝယ်ယူမှုများသည် ဈေးကွက်ဆိုင်ရာအကြောင်းအရင်း များနှင့် အိန္ဒိယလူဦးရေ ၁ ဒသမ ၄ ဘီလီယံ၏ စွမ်းအင်လိုအပ်ချက်များကြောင့်ဖြစ်ကြောင်း ပြည်ပ ရေးရာဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ ခုနစ်နှစ်ကျော်ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံးအကြိမ်သွားရောက်ရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေပြီး၊ ဝါရှင်တန်နှင့် ဆက်ဆံရေးတင်းမာလာသည်နှင့်အမျှ အိန္ဒိယအနေဖြင့် ၎င်း၏မဟာမိတ်ဖွဲ့မှုများကို ပြန်လည်ချိန်ညှိနိုင်ခြေရှိသည့်အချက်ကို ဖော်ပြနေသည်ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ငါးပတ်အတွင်း အနိမ့်ဆုံးသို့ကျဆင်းခဲ့သည့် ကမ္ဘာ့ရေနံဈေးနှုန်းများသည် ဗုဒ္ဓဟူးနေ့တွင် ၁ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့ကြောင်း သိရသည်။ အလားတူပင် အိန္ဒိယရေနံဈေးနှုန်းသည် ပြီးခဲ့သည့်ဇူလိုင်လက ရေနံစိမ်းတစ်စည်လျှင် ကန်ဒေါ်လာ ၇၀ ဒသမ ၉၅ ရှိခဲ့ရာမှ ယခုလ ၆ ရက်နေ့တွင် ရေနံစိမ်းတစ်စည်လျှင် ကန်ဒေါ်လာ ၇၁ ဒသမ ၅၀ သို့ရောက်ရှိခဲ့ကြောင်း အိန္ဒိယစက်သုံးဆီစီမံချက်ရေးဆွဲရေးနှင့် ဆန်းစစ်လေ့လာရေးဌာန(Petroleum Planning & Analysis Cell)မှ ထုတ်ပြန်ထား သည်။
အဆိုပါတိုးမြှင့်ထားသော အကောက်ခွန်ကြောင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များသည် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဂျပန်တို့မှ ကုန်သွယ်ဖက်ပြိုင်ဘက်များနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ၃၀ မှ ၃၅ ရာခိုင်နှုန်းခန့်နိမ့်ကျလျက်ရှိနေကြောင်းနှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုများ သိသိ သာသာလျော့ကျသွားခြင်းသည် အိန္ဒိယနိုင်ငံ၏ GDP တိုးတက်နှုန်းကို ယခုနှစ်တွင် ၆ ရာခိုင်နှုန်း အောက်သို့ကျဆင်းစေနိုင်ပြီး၊ ယခင်အိန္ဒိယဗဟိုဘဏ်၏ခန့်မှန်းချက် ၆ ဒသမ ၅ ရာခိုင်နှုန်းမှ လျော့ကျ သွားဖွယ်ရှိကြောင်း သိရသည်။
Source: (1) ET EnergyWorld, Trump doubles tariff on India to 50% for buying Russian oil, Aug 6, 2025
(2) Reuters, Trump imposes extra 25% tariff on Indian goods, ties hit new low, Aug 7, 2025
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)