China (HongKong)

တရုတ်အီလက်ထရောနစ်ကူးသန်းရောင်းဝယ်မှုတွင် ဟောင်ကောင်အမှတ်တံဆိပ်များ လူကြိုက်များ

Last Updated:

တရုတ်ပြည်မမှစားသုံးသူများသည် ဟောင်ကောင်အမှတ်တံဆိပ်ထုတ်ကုန်များအပေါ် ယုံကြည်မှုရှိနေပြီး ပြီးခဲ့သည့်နှစ်အတွင်း အွန်လိုင်းရောင်းချမှုများ၌ စားသုံးသူ ၇၈ ရာခိုင်နှုန်းမှ ဝယ်ယူမှုရှိခဲ့သည်ဟု ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC)မှ ထုတ်ပြန်သည့်စစ်တမ်းတွင် ဖော်ပြထားကြောင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် The Standard  သတင်းဌာနမှ “HK brands thrive in mainland e-commerce as 78 pc consumers favor Hong Kong products” ခေါင်းစဉ်ဖြင့်  ရေးသားဖော်ပြထားပါသည်။

HKTDC မှ ၂၀၂၄ ခုနှစ်၊ ဒုတိယနှင့် တတိယသုံးလပတ်အတွင်း တရုတ်ပြည်မမှ အလယ်အလတ်အဆင့်စားသုံးသူ ၂,၂၀၀ ကို တွေ့ဆုံမေးမြန်းစစ်တမ်းကောက်ယူခဲ့ပြီး ရရှိလာသည့် စစ်တမ်းရလဒ်များကို ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစစ်တမ်းအရ တရုတ်နိုင်ငံမှ အဆင့်-၁ စာရင်းဝင်မြို့များမှ ၈၅ ရာခိုင်နှုန်း၊မဟာပင်လယ်ကွေ့ဒေသရှိမြို့များမှ ၈၁ ရာခိုင်နှုန်း၊ တရုတ်ပြည်၏ အဆင့် -၂ နှင့် အဆင့်-၃ ရှိမြို့များမှ ၇၈ ရာခိုင်နှုန်းနှင့် ၇၄ ရာခိုင်နှုန်းအသီးသီး ဟောင်ကောင်ထုတ်ကုန်များကို အွန်လိုင်းမှ ဝယ်ယူမှုများကြောင်း ဖော်ပြထားပါသည်။

အသက်အပိုင်းအခြားအနေဖြင့် အသက် ၁၈ မှ ၂၉ အတွင်း စားသုံးသူများ၏ ၈၃ ရာခိုင်နှုန်း၊ အသက် ၃၀-၄၉ အတွင်းနှင့် အသက် ၅၀ အထက် ဝယ်ယူသူများ၏ ၈၂ ရာခိုင်နှုန်းနှင့် ၆၅ ရာခိုင်နှုန်းအသီးသီးရှိကြောင်းနှင့် တရုတ်ပြည်မမှ အဆင့်-၁ ၊ အဆင့်-၂ စာရင်း ဝင်မြို့များနှင့် မဟာပင်လယ်ကွေ့ဒေသရှိမြို့များမှ ဟောင်ကောင်ဒေသထုတ်ကုန်ကို အွန်လိုင်းမှဝယ်ယူသူအများစုမှာ အမျိုးသမီးများဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝယ်သူများအနေဖြင့် ဈေးနှုန်းကိုအဓိကမထားပဲ ပစ္စည်းစစ်မှန်ခြင်းကို အလေးထားပြီး အမှတ်တံဆိပ်၏ ဂုဏ်သတင်း၊ ထုတ်ကုန်အမျိုးအစားစုံလင်မှုတို့ကြောင့် ဝယ်ယူကြခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ဟောင်ကောင်ထုတ်ကုန်များအတွက် ပျမ်းမျှအဆင့်သတ်မှတ်ချက် ၈.၇ အထိရောက်ရှိခဲ့ကြောင်း အထူးသဖြင့် အီလက်ထရောနစ်ပစ္စည်းများ၊ တန်ဖိုးမြင့်ဇိမ်ခံပစ္စည်းများ၊ ဖက်ရှင်ထုတ်ကုန်များဖြစ်ကြောင်း ဖော်ပြထားပါသည်။

HKTDC မှ စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ Wing Chu က အွန်လိုင်းမှ ဟောင်ကောင်ထုတ်ကုန်ဝယ်ယူသည့် တရုတ်ပြည်မမှ စားသုံးသူများအနေဖြင့် ပစ္စည်းပို့မြန်ဆန်ခြင်းကို နှစ်ခြိုက်ပြီး၊ပျမ်းမျှဝယ်ယူမှုများသည့်ကုန်စည်များမှာ ကလေးအသုံးအဆောင်များ၊ ဆေးဝါးနှင့် ကျန်းမာရေးအထောက်အကူပြုထုတ်ကုန်များ၊ အိမ်မွေးတိရစ္ဆာန်သုံးထုတ်ကုန်ပစ္စည်းများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

Source URL : https://www.thestandard.com.hk/hong-kong-news/article/308509/

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)