China (HongKong)

အရည်အချင်းရှိသူအများအပြားဝင်ရောက်လာမှုကြောင့် ဟောင်ကောင်ဒေသ၏ လုပ်သားအင်အားအတွက် အထောက်အကူပြု

Last Updated:

ဟောင်ကောင်ဒေသ၏ အရည်အချင်းရှိသူများဝင်ရောက်ရေးအစီအစဉ်အမျိုးမျိုးအောက်မှ ပြီးခဲ့သည့်လအထိ လျှောက်ထားမှု ၅၁၀, ၀၀၀ ခုရှိခဲ့ပြီး အဆိုပါလျှောက်ထားမှုများအနက် ၃၄၀,၀၀၀ ကိုအတည်ပြုခဲ့ပြီးကာ ၂၂၀,၀၀၀ ကျော်မှာ ဟောင်ကောင်ဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဟောင်ကောင်ဒေသ လူမှုဖူလုံရေးနှင် အလုပ်သမားဝန်ကြီး Chris Sun Yuk-han က ပြေကြားခဲ့သည်ဟု ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် The Standard  သတင်းဌာနမှ “HK's workforce revived by talent influx, labor chief reports” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ပြည်ပမှ အရည်အချင်းရှိသူများ ဆွဲဆောင်မှုတွင် အဓိကကျသော ဆောင်ရွက်ချက်ဖြစ်သည့် Top Talent Pass Scheme(TTPS) အစီအစဉ်အောက်မှ ဟောင်ကောင်ဒေသသို့ ရောက်ရှိနေသည့် ပထမအသုတ်မှာ လက်ရှိအချိန်တွင် ပြည်ဝင်ခွင့်သက်တမ်းတိုးရန် လျှောက်ထားနေပြီဖြစ်ပါသည်။ ထိုသို့ပြည်ဝင်ခွင့်သက်တမ်းတိုးလျှောက်ထားသည့်ပမာဏမှာ အားရဖွယ်ဖြစ်ကြောင်းနှင့် တရားဝင်စာရင်းဇယားများကို လာမည့်သီတင်းနှစ်ပတ်အတွင်း ထုတ်ပြန်သွားမည်ဟု Sun က ပြောကြားခဲ့ပါသည်။ ဟောင်ကောင်ဒေသ၏ Top Talent Pass Scheme(TTPS)အစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပြည်ပမှကျွမ်းကျင်သူများသည် မိသားစုများနှင့်အတူ လာရောက်ခြင်းကြောင့် ဟောင်ကောင်ဒေသ၏ လုပ်သားအင်အားကို အားဖြည့်ပေးနိုင်ရုံသာမက လူဦးရေကျဆင်းမှုအတွက်လည်း အကျိုးဖြစ်ထွန်းကြောင်း၊ ၂၀၂၃ ခုနှစ်အစောပိုင်းမှ ၂၀၂၅ ဇွန်လအထိ TTPS အစီအစဉ်တစ်ခုတည်းအောက်မှ ဟောင်ကောင်ဒေသသို့ လာရောက်သည့် မှီခိုသူအရေအတွက် ၁၀၀,၀၀၀ ကျော်ရှိကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ကာလအတွင်းကျဆင်းသည့် လုပ်သားအရေအတွက်နှင့် လူဦးရေကျဆင်းမှုများအတွက် အထောက်အကူပြု သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသို့ ဝင်ရောက်လာသူများအလုပ်ရှာဖွေရရှိနေကြပြီး အထူးသဖြင့် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ ဆန်းသစ်တီထွင်မှု၊ သတင်းအချက်အလက်နှင့်နည်းပညာကဲ့သို့ ဒေသစီးပွားရေးအတွက် အဓိကတွန်းအားပေးသည့် ကဏ္ဍများတွင် အလုပ်အကိုင်များရရှိကြကြောင်း ဖော်ပြထားပါသည်။

ပြင်ပမှ လာရောက်သည့် အရည်အချင်းရှိသူများဝင်ရောက်လာမှု အထူးသဖြင့် အိမ်ရာဈေးကွက်အတွက် အထောက်အကူပြုသော အသက် ၂၀ မှ ၃၄ အကြား လူငယ်လူလတ်ပိုင်းများဝင်ရောက်လာခြင်းကြောင့် အိမ်ရာအငှားမြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း ပုဂ္ဂလိကနေအိမ်ငှားရမ်းမှု ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)