U. A. E

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများခိုင်မာစေရန်အတွက် ယူအေအီးနိုင်ငံသည် EAEU နှင့် CEPA လက်မှတ်ရေးထိုးခဲ့

Last Updated:

ယူအေအီးနိုင်ငံနှင့် Eurasian Economic Union (EAEU) တို့သည် နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆက်ဆံမှုများပိုမိုနက်ရှိုင်းလာစေရန်အတွက် အဓိကခြေလှမ်းတစ်ရပ်အဖြစ် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (CEPA) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Eurasian Economic Commission မှကုန်သွယ်ရေးတာဝန်ခံ Andrey Slepnev က အဆိုပါသဘောတူညီချက်သည် ကုန်သွယ်မှုကွဲပြားခြားနားမှုများကိုမြှင့်တင်ရန်နှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုစီးဆင်းမှုများကိုချဲ့ထွင်မည့် မဟာဗျူဟာမြောက်မှတ်တိုင်တစ်ရပ်အဖြစ် ဖော်ပြခဲ့ပါသည်။ သဘောတူညီချက်တွင် အဓိကကျသောကဏ္ဍများတစ်လျှောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင် ဆောင်ရွက်သွားရန်ရည်ရွယ်ပြီး ဖလှယ်သည့်ကုန်စည်များ၏ ၈၅ % ကျော်အပေါ်ကောက်ခံသည့် အကောက်ခွန်နှုန်းထားများကို သိသိသာသာလျှော့ချပေးခဲ့ပါသည်။

ယူအေအီးနိုင်ငံနှင့် EAEU နိုင်ငံများအကြားကုန်သွယ်မှုသည် မကြာသေးမီကနှစ်များအတွင်း  လျင်မြန်စွာတိုးတက်လာခဲ့ပါသည်။ ယူအေအီးနိုင်ငံသို့ပို့ကုန်တင်ပို့မှုမှာ နှစ်နှစ်အတွင်း လေးဆခန့်တိုးတက်လာခဲ့ပြီး EAEUစျေးကွက်များသို့ ယူအေအီးနိုင်ငံမှတင်ပို့မှုမှာ ၅၀ % ကျော်မြင့်တက်လာခဲ့ပါသည်။ ယခုအခါတွင်ယူအေအီးနိုင်ငံသည် EAEU ၏ထိပ်တန်းကမ္ဘာ့ကုန်သွယ်ဖက်ဆယ်နိုင်ငံစာရင်းတွင်ပါဝင်လျက်ရှိပြီး ၎င်း၏နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်း၏ ၂ % ရှိကြောင်း ဖော်ပြထားပါသည်။

အဆိုပါသဘောတူညီချက်အရ EAEU ထုတ်ကုန်များအပေါ် ယူအေအီးနိုင်ငံ၏အကောက်ခွန်သည် ၅ % မှ ၀.၆ % သို့ကျဆင်းသွားမည်ဖြစ်ပြီး EAEU နိုင်ငံများသို့ ယူအေအီးနိုင်ငံမှ ပို့ကုန်အကောက်ခွန် ၅.၉ % မှ ၁.၅ % သို့ကျဆင်းသွားမည်ဖြစ်ကာ ပါဝင်သည့်အဓိကကုန်စည်များတွင် သတ္တုများ၊ ရေနံဓာတု ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးကိရိယာများနှင့် EAEU မှစိုက်ပျိုးရေးထွက်ကုန်များနှင့် ယူအေအီးမှ ပိုလီမာများ၊ အလှကုန်များနှင့်အသုံးအဆောင်ပစ္စည်းများ စသည်တို့ပါဝင်ပါသည်။

Slepnev က EAEU နိုင်ငံများအတွက်ကုန်သွယ်မှုဗဟိုချက်အဖြစ် ယူအေအီးနိုင်ငံ၏ကြီးထွားလာနေသော အခန်းကဏ္ဍကိုမီးမောင်းထိုးဖော်ပြခဲ့ပြီး ဂျပန်နှင့်ဘရာဇီးနိုင်ငံများကဲ့သို့သော အစဉ်အလာကုန်သွယ်ဖက်နိုင်ငံများထက် သာလွန်လျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် လူဦးရေသန်း ၁၈၀ ကျော်ရှိသော စျေးကွက်သို့ဝင်ရောက်ခြင်းအားဖြင့် ပိုမိုကျယ်ပြန့်သောစျေးကွက်ဝင်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအရွေ့များအပေါ် ပြောင်းလဲခြင်းမှ ရရှိနိုင်စေရန် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။

ယူအေအီးနိုင်ငံ၏ရပ်တည်ချက်သည် မြောက်ပိုင်း-တောင်ပိုင်းဒေသများသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်လျှောက်ဒေသတွင်း သယ်ယူပို့ဆောင်ရေးဗဟိုအချက်အချာအဖြစ် ၎င်းတို့၏အခန်းကဏ္ဍကိုအားကောင်းစေပြီး EAEU နိုင်ငံများ၊ ပင်လယ်ကွေ့ဒေသ၊ အိန္ဒိယနှင့် တောင်အာရှ‌ဒေသတို့ကိုချိတ်ဆက်ပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထား ပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E