India (Delhi)

အိန္ဒိယ၏ ထုတ်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သား၊ နို့ထွက်ပစ္စည်း၊ ဘာစမာတီဆန်နှင့် နှံစားသီးနှံများအတွက်  အရှေ့အလယ်ပိုင်းဒေသသည် ကြီးမားသောဈေးကွက်ဖြစ်

Last Updated:

သွင်းကုန်များအတွက် အိန္ဒိယအစိုးရ၏ပံ့ပိုးကူညီမှုကို တောင်းဆိုမှုနှင့်အတူ အိန္ဒိယ၏ကြက်သား၊ နို့ထွက်ပစ္စည်း၊ ဘာစမာတီဆန်၊ အေးခဲပင်လယ်စာထွက်ကုန်များနှင့် ဂျုံထွက်ကုန်များအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ၌ ၀ယ်လိုအားကြီးမားစွာရှိသည်ဟု ယူအေအီးစားသောက်ကုန်လုပ်ငန်းမှ ပြောကြားခဲ့ကြောင်းနှင့် UAE မှ လုပ်ငန်းရှင်များက စားသောက်ကုန်များအတွက် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်များတွင် လွယ်ကူချောမွေ့မှုရှိစေရေး၊ စိုက်ပျိုးရေးနှင့် ပြုပြင်ပြီးစားနပ်ရိက္ခာထုတ်ကုန်များတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(APEDA)နှင့် ပိုမိုညှိနှိုင်းဆောင်ရွက်ခြင်း၊ စံချိန်စံညွှန်းများ သဟဇာတဖြစ်အောင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များတွင် အိန္ဒိယအစိုးရ၏ပံ့ပိုးကူညီမှုကို တောင်းဆိုထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အိန္ဒိယထုတ်ကုန်များ၏ အရည်အသွေးမြင့်ထုပ်ပိုးမှုသည် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)ကဲ့သို့သော နိုင်ငံများတွင် အစားအစာနှင့်စားသောက်ကုန်ထုတ်ကုန်များတင်ပို့မှုတိုးမြင့်လာစေရန် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအား အထောက်အကူပြုစေကြောင်းနှင့် ပြီးခဲ့သည့်သီတင်းပတ်က ယူအေအီးသို့ရောက်ရှိခဲ့သော အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal က သွင်းကုန်လုပ်ငန်းရှင်များနှင့် အသေးစိတ်ဆွေးနွေးခဲ့ပြီး အိန္ဒိယမှ ပို့ကုန်တိုးမြှင့်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများသည် အေးခဲထားသည့် ထုတ်ကုန်များကို တင်ပို့ရန် အိန္ဒိယအတွက် ကြီးမားသည့်ဈေးကွက်ကြီးဖြစ်ကြောင်း Global Food Industries LLC မှ UAE(Frozen and Beverages)၏ အရောင်းဌာနမှူး Nissar Thalangara က ပြောကြားခဲ့ကြောင်း၊ အိုမန်အခြေစိုက် Khimji Ramdas Group မှ ကိုယ်စားလှယ်တစ်ဦးကလည်း အိန္ဒိယဘာစမာတီဆန်ကို ဝယ်လိုအားရှိနေပြီး ယင်းဆန်အပေါ် အနိမ့်ဆုံးပို့ကုန်စျေးနှုန်း (MEP)လျှော့ချခြင်းသည် အိန္ဒိယတင်ပို့မှုကိုမြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့ကြောင်းနှင့် လက်ရှိတွင် MEP တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ မှ  ၈၅၀ သို့ လျှော့ချရန် အိန္ဒိယအစိုးရက စဉ်းစားနေကြောင်း သိရသည်။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ(Gulf Cooperation Council - GCC) နိုင်ငံများမှ အခြားသောကုန်သည်များက ဟာလာလ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးကိစ္စကို တင်ပြခဲ့ကြကြောင်းနှင့် အိန္ဒိယနိုင်ငံသည် ဟာလာလ်အသားအသိအမှတ်ပြုစနစ်တစ်ခုကို စနစ်တကျတည်ဆောက်ထားရှိကြောင်း သိရှိရသည်။

Allanasons Pvt Ltd မှ အမှုဆောင်ဒါရိုက်တာ Fauzan Alavi က အိန္ဒိယနှင့် ယူအေအီးကြား လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်သည် အသားထွက်ကုန်များတင်ပို့မှုမြှင့်တင်ရာတွင် အထောက်အကူဖြစ်စေကြောင်းနှင့် အိန္ဒိယမှ ယူအေအီးသို့ ပို့ကုန်များတိုးမြှင့်နိုင်ရန် အခွင့်အလမ်းများ ပိုမိုတွေ့မြင်ရသည်ဟု ပြောကြားခဲ့သည်။

အလားတူအမြင်များကို မျှဝေရာတွင် Choithrams(လက်လီဝယ်ယူရေး)အကြီးအကဲဖြစ်သူ  Kirti Meghnani က ကုန်ပစ္စည်းများထုပ်ပိုးခြင်းအပေါ် အာရုံစိုက်ခြင်းသည် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအား UAE နှင့် အခြားသောပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြင့်လာစေရန် ကူညီပေးလိမ့်မည်ဖြစ်ကြောင်း၊ Appcorp Holding ဥက္ကဋ္ဌ Nitesh Ved က APEDA ရုံးတစ်ခုတည်ထောင်ခြင်းသည် အစားအသောက်လုပ်ငန်းကို အထောက်အကူဖြစ်စေမည်ကြောင်း အကြံပြုခဲ့ကြသည်။

GCC အဖွဲ့မှ အခြားတင်သွင်းသူများကလည်း အိန္ဒိယချည်ထည်လုပ်ငန်းမှ ထုတ်လုပ်သောကုန်ပစ္စည်းများအတွက် ၀ယ်လိုအားရှိကြောင်းနှင့် အိန္ဒိယသည် စံချိန်စံညွှန်းများ၊ ထုပ်ပိုးခြင်းနှင့် တံဆိပ်ကပ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို  စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ-ယူအေအီးကုန်သွယ်ရေးသဘောတူညီချက်ကို ယမန်နှစ် မေလတွင် အကောင်အထည်ဖော်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ -၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂.၉ ဘီလီယံမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၄.၉ ဘီလီယံအထိ တိုးမြင့်လာခဲ့ကြောင်း သိရှိရသဖြင့် အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေး ကြိုးပမ်း‌ဆောင်ရွက်နေမှုအခြေအနေများကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။

Source :   Huge demand for Indian chicken, dairy, basmati rice, wheat products in Middle East: UAE industry, The Economic Times, 8 October 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: India (Delhi)