Russia

ရုရှားနှင့်အိန္ဒိယကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယရရှိရန် ရည်မှန်းထား

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယ၀န်ကြီးချုပ်နရန်ဒရာမိုဒီတို့သည် ၂၀၃၀ ခုနှစ်တွင် ရုရှားနှင့်အိန္ဒိယတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ရရှိရန်ရည်မှန်းချက်ထားရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် သိသိသာသာတိုးတက်ကောင်းမွန်လျက်ရှိကြောင်း ရုရှားသမ္မတ၏လက်ထောက် Mr. Maxim Oreshkin က ရုရှား-အိန္ဒိယဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသတ်မှတ်ရည်မှန်းချက်သို့ ရောက်ရှိရန် ဥရောပအာရှစီးပွားရေးသမဂ္ဂ(Eurasian Economic Union-EAEU)နှင့် အိန္ဒိယကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(Free Trade Agreement-FTA)ကိုလက်မှတ်ရေးထိုးနိုင်ရန် သက်ဆိုင်ရာဌာနများက ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း၊ နိုင်ငံတော်သုံးငွေကြေးများဖြင့် နှစ်နိုင်ငံငွေပေးချေမှုစနစ်များကို ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရှိရပါသည်။

ရုရှားနှင့် အိန္ဒိယကြား ကုန်သွယ်မှုပမာဏသည် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ၁၁ ဆခန့် တိုးတက် လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံခန့်အထိတိုးတက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၃.၁ ဘီလီယံအထိရောက်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

၂၀၁၃ ခုနှစ်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၆ ဘီလီယံသာရှိခဲ့ရာမှ ဆယ်နှစ်အကြာ ၂၀၂၃ ခုနှစ်တွင် ကိန်းဂဏန်းအရ ၁၀.၈ ဆတိုးလာခဲ့ပြီး စံချိန်တင်ဒေါ်လာ ၆၄.၆ ဘီလီယံအထိ ရောက်ရှိလာခဲ့သည်။ ရုရှားသည် အိန္ဒိယသို့ ဒေါ်လာ ၆၀.၆ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများပေးပို့ခဲ့ပြီး အိန္ဒိယသည် ရုရှားသို့ ဒေါ်လာ ၄.၁ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများပေးပို့ခဲ့သည်။

ရုရှားစွမ်းအင်အရင်းအမြစ်များတင်ပို့မှုကြီးထွားလာမှုကြောင့် နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏ အဓိကတိုးမြှင့်လာခဲ့ခြင်းဖြစ်သည်။ ဆယ်နှစ်အတွင်း ရုရှားစွမ်းအင်အရင်းအမြစ်များတင်ပို့မှုပမာဏသည် ဒေါ်လာ ၃၀၉ သန်းမှ ဒေါ်လာ ၅၃.၄ ဘီလီယံအထိ တိုးတက်လာခဲ့သည်။

လက်ရှိစွမ်းအင်ကဏ္ဍတွင် အိန္ဒိယသည် ရုရှားအတွက် အဓိကမိတ်ဖက်များထဲမှတစ်ခုဖြစ်ကြောင်း၊  ၂၀၂၃ ခုနှစ်တွင် အိန္ဒိယသို့ရုရှားရေနံတင်ပို့မှုသည် မက်ထရစ်တန်ချိန် ၉၀ သန်းရှိခဲ့ပြီး အဆိုပါပမာဏသည် အိန္ဒိယ၏စုစုပေါင်းဝယ်လိုအား၏ ၄၀ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ရုရှားရေနံတင်ပို့မှုသည် တန်ချိန် ၄၅ သန်းနှင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၅ သန်းသာရှိခဲ့ကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် အိန္ဒိယသို့ ရုရှားဓာတ်မြေသြဇာတင်ပို့မှုပမာဏသည် ၆.၄ ဆတိုးလာခဲ့ပြီး ဒေါ်လာ ၂.၅ ဘီလီယံ(မက်ထရစ်တန်ချိန် ၄.၈ သန်းကျော်)အထိရောက်ရှိခဲ့သည်။ ဟင်းသီးဟင်းရွက်ဆီများ တင်ပို့မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁.၂၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားသို့ အိန္ဒိယ၏ အဓိကပို့ကုန်များမှာ ဆေးဝါး၊ သံမဏိထုတ်ကုန်၊ နီလာ၊ ကြွေထည်ပစ္စည်း၊ ဆန်နှင့် ပုစွန်တို့ဖြစ်ပြီး ရုရှားသည် အိန္ဒိယ၏အကြီးဆုံးကုန်သွယ်ဖက်များအနက် စတုတ္ထနေရာတွင်ရှိပါသည်။

Source :        https://ria.ru/20240709/ekonomika-1958555381.html

https://ria.ru/20240709/tovarooborot-1958391491.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia