Singapore

စင်ကာပူနိုင်ငံနှင့်ချီလီနိုင်ငံတို့အကြား ကာဗွန်ဈေးကွက်နှင့် ကာဗွန်ဈေးနှုန်းနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ(Memorandum of Understanding to Collaborate on Carbon Markets and Carbon Pricing) လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့အကြား ကာဗွန်ဈေးကွက်နှင့် ကာဗွန်ဈေးနှုန်းနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ(Memorandum of Understanding to Collaborate on Carbon Markets and Carbon Pricing) ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ Permanent Secretary (Development) ဖြစ်သူ Dr. Beh Swan Gin နှင့် ချီလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံအမတ် Alex Wetzig တို့က ၎င်း၏စင်ကာပူနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံအနေဖြင့် ပါရီသဘောတူညီချက်(Paris Agreement)၏ Article 6.2 နှင့်အညီ ကာဗွန်ထုတ်လွှတ်နိုင်ခွင့်(Carbon Credit)ဆိုင်ရာကိစ္စရပ်များနှင့် ကာဗွန်ဈေးကွက်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် နှစ်ဖက်အကျိုးရှိစေမည့်စီမံကိန်းများသတ်မှတ်ခြင်း၊ ကာဗွန်ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်းသည့် အကောင်းဆုံးအလေ့အကျင့်များဖလှယ်ခြင်း၊ ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်ရေးလုပ်ငန်းများစသည်တို့ပါဝင်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့သည် အခြားနိုင်ငံများနှင့် ကာဗွန်ဈေးကွက်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာရှိသည့်အခွင့်အလမ်းများကို ရှာဖွေသွားမည်ဖြစ်ပါသည်။

Dr. Beh Swan Gin က စင်ကာပူနိုင်ငံနှင့် ချီလီနိုင်ငံတို့သည့် ကာလကြာရှည် နှစ်နိုင်ငံဆက်ဆံရေးရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာအရေးကိစ္စရပ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုထားကြောင်း၊ ယခုသဘောတူညီချက်မှတစ်ဆင့် နှစ်နိုင်ငံအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ၊ အစိမ်းရောင်စီးပွားရေးတွင် အလုပ်အကိုင်များဖန်တီးပေးခြင်းများ၊ နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် အလားတူနားလည်မှုစာချွန်လွှာများ၊ သဘောတူညီချက်များကို ဘူတန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ကိုလမ်ဘီယာနိုင်ငံ၊ ဒိုမီနီကန်ရီပတ်ပလစ်၊ ဂါနာနိုင်ငံ၊ ကန်ညာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ မိုရိုကိုနိုင်ငံ၊ ပါပူရာနယူးဂီနီ၊ ပီရူးနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် လက်မှတ်ရေးထိုးထားပါသည်။ စင်ကာပူနိုင်ငံသည် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညဖြစ်စေရေး ရည်မှန်းထားသည်ဖြစ်ရာ ၎င်း၏မျှော်မှန်းချက်ပြည့်မီရေးအတွက် အလားတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore