ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူး၏ကာတာခရီးစဉ်အတွင်း သဘောတူညီချက် ၃၅ ခုလက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် ဟောင်ကောင်ဒေသအစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ဒေသအစိုးရအဖြစ် စတင်တာဝန်ယူချိန်မှစတင်၍ ယခုတစ်ကြိမ်သည် အရှေ့အလယ်ပိုင်းသို့ ဒုတိယအကြိမ်မြောက်လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုခရီးစဉ်၌ တရုတ်ပြည်မနှင့် ဟောင်ကောင်ဒေသမှ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများနှင့် စီးပွားရေးခေါင်းဆောင် ၅၀ ကျော်ပါဝင်ကြောင်း ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင်ပြုလုပ်ခဲ့သည့် သတင်းဌာနများနှင့်တွေ့ဆုံချိန်၌ ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါသည်။
အစိုးရချင်းဆက်ဆံရေးခိုင်မာစေရန်၊ ပူးပါင်းဆောင်ရွက်ရေးအတွေးအခေါ်သစ်များ ရှာဖွေဖော်ထုတ်ရန်နှင့် မိတ်ဖက်များတိုးပွားခြင်းဖြင့် ကွန်ရက်ချဲ့ထွင်ရန်တို့မှာ ခရီးစဉ်လာရောက်သည့် အဓိကရည်မှန်းချက်(၃)ခုဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသနှင့် ကာတာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် စီးပွားရေး ကွန်ရက်ချဲ့ထွင်နိုင်ခဲ့ပြီး ယခုခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ ဥပဒေရေးရာပူးပေါင်းဆောင်ရွက်မှု၊ ဘဏ္ဍာ ရေးဈေးကွက်အပါအဝင် ကဏ္ဍအသီးသီးအတွက် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ(၃၅)ခု လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ဟောင်ကောင်နှင့်ကာတာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်များအပြင် ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် အဆင့်မြင့်ထုတ်လုပ်မှုတို့အတွက် ကာတာနှင့် တရုတ်ပြည်မမှ လုပ်ငန်းများအကြား သဘောတူညီချက်နှစ်ခု လက်မှတ်ရေးထိုးခဲ့ပါသည်။ အလားတူ တရုတ်ပြည်မ၊ ဟောင်ကောင်နှင့်ကာတာနိုင်ငံတို့အကြား fintech ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
ကာတာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးသဘောတူညီချက် ညှိနှိုင်းဆွေးနွေးနွေးမှုမှာ ပြီးစီးလုပြီဖြစ်ကြောင်း၊ Authorized Economic Operator Programs အတွက် အပြန်အလှန်ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းနှင့် ဟောင်ကောင်ဒေသနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် ကာတာနိုင်ငံသို့ ရက်(၃၀)ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်မည်ဟု ဟောင်ကောင်ဒေသအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
(နှင်းဇာလွှာ၊ စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)