Russia

ရုရှားသည် ဂျပန်နိုင်ငံမှ ငါးထွက်ကုန်များ၏ ဘေးကင်းရေးဆိုင်ရာ အချက်အလက်များတောင်းခံ

Last Updated:

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တိရစ္ဆာန်နှင့် အပင်ပိုးမွှားရောဂါကင်းရှင်းရေးကြီးကြပ်ကွပ်ကဲမှုဖက်ဒရယ်အစိုးရဌာန(Rosselkhoznadzor)က ဂျပန်နိုင်ငံမှ ငါးထုတ်ကုန်များဘေးကင်းမှုရှိကြောင်းအတည်ပြုရန်အတွက် လိုအပ်သောသတင်းအချက်အလက်များပံ့ပိုးပေးရန် ဂျပန်ဘက်သို့တောင်းဆိုခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏တိရစ္ဆာန်နှင့်အပင်ပိုးမွှား ရောဂါကင်းရှင်းရေး(Sanitary and phytosanitary-SPS) စီမံဆောင်ရွက်ချက်များဆိုင်ရာကော်မတီအစည်းအဝေးသို့ Rosselkhoznadzor ဌာနက ပါဝင်တက်ရောက်ပြီးနောက် ယင်းကဲ့သို့ ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဂျပန်ဘက်က ၂၀၁၁ ခုနှစ်၌ Fukushima-1 နျူကလီးယားဓာတ်အားပေးစက်ရုံတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်၏အကျိုးဆက်များကို ဖယ်ရှားပေးပြီးနောက် ၎င်း၏အစားအစာများတွင် ဓာတ်ရောင်ခြည်ဘေးကင်းလုံခြုံမှုနှင့် လူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုမရှိကြောင်း WTO အဖွဲ့ဝင်များကို ထပ်မံရှင်းလင်းပြောကြားခဲ့သည်။

နျူကလီးယားဓာတ်အားပေးစက်ရုံမှ ရေထုတ်လွှတ်သည့်နေရာ၌ နမူနာယူနိုင်ခွင့်အပါအဝင် ဂျပန်နိုင်ငံမှ ငါးထွက်ကုန်များ၏ဘေးကင်းလုံခြုံမှုရှိကြောင်း အတည်ပြုရန်လိုအပ်သော သိပ္ပံနည်းကျခိုင်လုံသည့်အချက်အလက်များပံ့ပိုးပေးရန် ဂျပန်ဘက်သို့ Rosselkhoznadzor ဌာန၏တောင်းဆိုမှုကို တရုတ်ကိုယ်စားလှယ်အဖွဲ့မှ ထောက်ခံခဲ့ကြကြောင်း အဆိုပါဌာန၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေဒီယိုသတ္တိကြွညစ်ညမ်းသောအစားအသောက်ထုတ်ကုန်များ ရုရှားဈေးကွက်အတွင်းသို့ဝင်ရောက်လာနိုင်သည့်အန္တရာယ်များကိုကာကွယ်ရန်အတွက် ရုရှားနိုင်ငံသည် ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် အရေးပေါ်စီမံချက်တစ်ရပ်ကိုလုပ်ဆောင်ခဲ့ပြီး ဂျပန်နိုင်ငံမှ ငါးနှင့်ပင်လယ်စာများတင်ပို့မှုကို ကန့်သတ်ခဲ့ကြောင်း သိရှိရပါသည်။ Rosselkhoznadzor ဌာန သည် ရုရှားနိုင်ငံသို့ တင်သွင်းလာသော စိုက်ပျိုးရေးနှင့်မွေးမြူရေးထွက်ကုန်များအား ဥရောပအာရှစီးပွားရေးသမဂ္ဂ(EAEU)မှချမှတ်ထားသည့် ယူ‌ရေးရှားအကောက်ခွန်သမဂ္ဂ(Eurasian Customs Union)၏ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးထိန်းကျောင်းကြီးကြပ်ရသော အစိုးရဌာနဖြစ်ပါသည်။

Source :    https://tass.ru/ekonomika/21247457

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: Russia