Vietnam

ဗီယက်နမ်ကားထိပ်တန်းထုတ်လုပ်သူ VinFast မှ သုံးစွဲသူများထံ ဧပြီလအတွင်း ကားစီးရေ ၁၀,၀၀၀ နီးပါး ပေးအပ်

Last Updated:

ဗီယက်နမ်ကားထိပ်တန်းထုတ်လုပ်သူ VinFast သည် ဧပြီလတွင် ဗီယက်နမ်နိုင်ငံရှိ ဝယ်ယူသူများထံ လျှပ်စစ်ကား(EV)ပေါင်း ၉,၅၈၈ စီးပေးပို့ခဲ့ပြီး ယခုနှစ်အစပိုင်းမှစတင်၍ ပြည်တွင်းဈေးကွက်တွင် စုစုပေါင်းရောင်းချရမှုမှာ အစီးရေ ၄၄,၆၉၁ စီးအထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

VF 5 နှင့် VF 3 မော်ဒယ်များသည် ရောင်းအားကို ဦးဆောင်ခဲ့ပြီး VF 3 သည် အရောင်းရဆုံးမော်ဒယ်အဖြစ် ရပ်တည်လျက်ရှိကြောင်း ကုမ္ပဏီ၏ပြောကြားချက်အရ သိရှိရပါသည်။ VF 3 ကားအစီးရေစုစုပေါင်း ၁၅,၄၆၆ စီးထုတ်လုပ်ပေးပို့ထားပြီးဖြစ်ပြီး VF 5 ကား ၁၄,၅၂၀ စီး ထုတ်လုပ်ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဧပြီလအတွင်း VinFast ၏ နောက်ထပ်ထူးခြားသော မော်ဒယ်မှာ VF 6 ဖြစ်ပြီး ဧပြီလအတွင်း အစီးရေ ၁,၇၆၃ စီးရောင်းချခဲ့ပြီး အရေအတွက်မှာ ၅,၉၁၄ စီးအထိရှိလာပြီဖြစ်ကြောင်း၊ VF 7၊ VF 8 နှင့် VF 9 တို့သည်လည်း သက်ဆိုင်ရာဈေးကွက်များအလိုက် ရောင်းအားကောင်းသည့်ကားများဖြစ်ကြောင်း ဖော်ပြထားပါသည်။

VinFast သည် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများအတွက် အထူးဒီဇိုင်းရေးဆွဲထားသည့် မော်တော်ကားမော်ဒယ်အသစ်များဖြစ်သည့် Herio Green နှင့် Nerio Green မော်ဒယ်များကို မိတ်ဆက်ပြသခဲ့ကြောင်း၊ ထို့ပြင် ကျောင်းသားများသယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန်ရည်ရွယ်သည့် EB6 လျှပ်စစ်ဘတ်စ်ကားကိုလည်း ထုတ်ကုန်အသစ်များအဖြစ် မိတ်ဆက်ပြသခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

Source : VN Express International

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam