ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းရန်အလွန်စိတ်ဝင်စားလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ၊စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman ၏ပြောကြားချက်အရ သိရှိရပါသည်။ Andi Amran Sulaiman က “ရုရှားနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ စားအုန်းဆီတင်သွင်းရန် အလွန်စိတ်ဝင်စားလျက်ရှိကြောင်း၊ ရုရှားနိုင်ငံသို့ တင်ပို့မည့် စားအုန်းဆီတန်ချိန်ကို မဖော်ပြသော်လည်း တန်ချိန်များမည်ဖြစ်ကြောင်း၊ စားအုန်ဆီပိုမိုတင်သွင်းလိုမှုသည် အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းလုပ်ငန်းကဏ္ဍနှင့် ဆီအုန်းစိုက်ပျိုးလုပ်ငန်းငယ်များ၏ လူမှုဖူလုံရေးတို့အပေါ် ကောင်းမွန်သည့် သက်ရောက်မှုဖြစ်စေမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
“ရုရှားနိုင်ငံနှင့် ပူးပေါင်းမှုသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သို့ တင်ပို့လျက်ရှိသည့် စားအုန်းဆီဈေးကွက်အပြင် ဈေးကွက်ချဲ့ထွင်ရန်မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊စားအုန်းဆီဈေးကွက်ပိုမိုရရှိစေရေးဆောင်ရွက်မှုတစ်ခုအနေဖြင့် ရုရှားနိုင်ငံသို့စားအုန်းဆီကြမ်း တင်ပို့နိုင်ရေး အစိုးရအနေဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့အကြီးဆုံးစားအုန်းဆီထုတ်လုပ်သည့် နိုင်ငံအဖြစ် အင်ဒိုနီးရှားနိုင်ငံ၏တည်ရှိမှုကို ခိုင်မာစေမည်ဖြစ်ကြောင်း” Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။
နှစ်နိုင်ငံအကြား မဟာဗျူဟာကျသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များဆွေးနွေးရန်အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်နိုင်ငံအစည်းအဝေးကို ပြုလုပ်မည်ဖြစ်ပြီး ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီး Oksana Nikolaevna Lut က ဖိတ်ကြားစာပေးပို့ခဲ့ပါသည်။ “ရုရှားနိုင်ငံမှ ဖိတ်ကြားစာကို လက်ခံရရှိပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း” Andi Amran Sulaiman က ပြောကြားခဲ့ပါသည်။ ဇွန်လ ၁၉ ရက်နေ့တွင် St Petersburg မြို့တွင်ပြုလုပ်ခဲ့သည့်အစည်းအဝေး၌ Andi Amran Sulaiman နှင့် Oksana Nikolaevna Lut တို့သည် သကြားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ရေး၊ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီကြမ်းကို ရုရှားနိုင်ငံသို့ ပိုမိုတင်ပို့ရေး၊ ဓာတ်မြေဩဇာလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားနိုင်ငံမှ အသားတင်သွင်းမှုရရှိစေရေး၊ သုတေသနနှင့် စိုက်ပျိုးရေးနည်းပညာပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးစသည့် အချက်များကို ဆွေးနွေးခဲ့ပါသည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုသည် ရုရှားနိုင်ငံနှင့် ဒေသတွင်းရှိအခြားနိုင်ငံများသို့ ဈေးကွက်အသစ်ရရှိစေမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေး(အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ)နှင့် သံတမန်ဆက်ဆံရေးတို့တွင် ခိုင်မာအားကောင်းစေရန် မျှော်မှန်းလျက်ရှိပါသည်။
ရင်းမြစ်။ Indonesian Palm Oil Association
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)