Vietnam

တရုတ်နိုင်ငံသို့ ဒူးရင်းသီးနှင့် ပိန္နဲသီးတင်ပို့ရန်အတွက် စမ်းသပ်စစ်ဆေးခွင့်ပြုထားသည့် ဓာတ်ခွဲခန်း ၃၇ ခုရှိလာ

Last Updated:

ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးနှင့် ပိန္နဲသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အစားအသောက်ဘေးကင်းလုံခြုံရေးစမ်းသပ်စစ်ဆေးမှု များပြုလုပ်နိုင်ရန် တရုတ်အကောက်ခွန်အာဏာပိုင်များ၏ အသိအမှတ်ပြုထားသော စမ်းသပ်စစ်ဆေးရေးဓာတ်ခွဲခန်း ၃၇ ခုရှိလာပြီဖြစ်ကြောင်းသိရပါသည်။ ထို့ကြောင့် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ၏အသီးအနှံတင်ပို့သောအကြီးဆုံးဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၏ ပိုမိုတင်းကျပ်လာသောသစ်သီးဝလံတင်သွင်းမှုစည်းမျဉ်းသတ်မှတ်ချက်များကို ပိုမိုကောင်းမွန်စွာလိုက်နာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ဗီယက်နမ်စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဇွန်လ ၂၆ ရက်နေ့အထိ နောက်ဆုံးရရှိထားသော စာရင်းများအရ အဆိုပါဓာတ်ခွဲခန်းများသည် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဒူးရင်းသီးနှင့် ပိန္နဲသီးများတွင် ကက်ဒ်မီယမ်(Cadmium - Cd)နှင့် အော်ရာမင်းအို(Auramine O)ဓာတုဓာတ်ကြွင်းများပါဝင်မှုရှိမရှိကို စမ်းသပ်စစ်ဆေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကောက်ခွန်အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ခွင့်ပြုချက်ရရှိထားကြခြင်းဖြစ်ပါသည်။

ယခုကဲ့သို့စမ်းသပ်စစ်ဆေးရေးကွန်ရက်ကို တိုးချဲ့လုပ်ကိုင်နိုင်ခြင်းကြောင့် အရည်အသွေးထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေခြင်း၊ စစ်ဆေးချိန်များကိုတိုတောင်းစေပြီး ပို့ကုန်လုပ်ငန်းရှင်များအတွက် ကုန်ကျစရိတ်သက်သာစေခြင်း၊ တရုတ်နိုင်ငံ၏ ပိုမိုတင်းကျပ်လာသော အစားအသောက်ဘေးကင်း လုံခြုံရေးနှင့် ပိုးမွှားကင်းစင်ရေးဆိုင်ရာ စည်းမျဉ်းများကို အလွယ်တကူလိုက်နာဆောင်ရွက်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။

အဆိုပါခွင့်ပြုချက်ရရှိထားသော ဓာတ်ခွဲခန်းများသည် ဗီယက်နမ်နိုင်ငံတစ်ဝန်းရှိ အဓိကဒေသကြီး ၄ ခုတွင် တည်ရှိနေပါသည်။ ဒေသအလိုက် ဓာတ်ခွဲခန်းများတည်ရှိမှုအခြေအနေအရ အရှေ့တောင်ပိုင်းဒေသရှိ ဓာတ်ခွဲခန်း ၁၅ ခုမှာ ဟိုချီမင်းစီးတီးတွင် အများစုတည်ရှိပြီး အရေအတွက်အများဆုံးဖြစ်ပါသည်။ ၎င်းတို့အနက် ၆ ခုမှာ ကက်ဒ်မီယမ်နှင့် အော်ရာမင်းအိုနှစ်မျိုးစလုံးကို စစ်ဆေးနိုင်ပြီး၊ ၄ ခုမှာ ကက်ဒ်မီယမ်တစ်မျိုးတည်းကိုသာ စစ်ဆေးနိုင်ကာ ကျန် ၅ ခုမှာ အော်ရာမင်းအိုတစ်မျိုးတည်းကိုသာ စစ်ဆေးနိုင်ပါ သည်။ ယင်းဒေသတွင် SGS၊ Eurofins၊ Vinacontrol၊ TENTAMUS၊ SCI-TECH နှင့် Hoan Vu စသည့်အဓိကစမ်းသပ်စစ်ဆေးရေးနှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးလုပ်ငန်းကြီးများ တည်ရှိနေပါသည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိဓာတ်ခွဲခန်း ၁၀ ခုမှာ အဓိကဒူးရင်းစိုက်ပျိုးရာဒေသကြီးများနှင့်နီးကပ်စွာတည်ရှိပြီး ဓာတ်ခွဲခန်း ၈ ခုမှာ အညွှန်းကိန်းနှစ်မျိုးစလုံးကို စစ်ဆေးနိုင်ပါသည်။ အများစုမှာ ကန်သို(Can Tho)၊ ဒေါင်သတ်(Dong Thap)နှင့် ကာမော(Ca Mau)တို့တွင်တည်ရှိပါသည်။ မြစ်နီမြစ်ဝကျွန်းပေါ်ဒေသရှိ ဓာတ်ခွဲခန်း ၈ ခုအနက် ဓာတ်ခွဲခန်း ၇ ခုမှာ စမ်းသပ်မှုနှစ်မျိုးစလုံးကို ပြုလုပ်နိုင်ပြီး ကျန် ၁ ခုမှာ အော်ရာမင်းအိုတစ်မျိုးတည်းကိုသာ စစ်ဆေးနိုင်ပါသည်။ ၎င်းတို့အနက် ၇ ခုမှာ ဟနွိုင်းတွင်တည်ရှိပြီး ကျန် ၁ ခုမှာ ကွမ်နင်း(Quang Ninh)တွင် တည်ရှိပါသည်။ တောင်ဘက်အလယ်ပိုင်းကမ်းရိုးတန်းနှင့် ကုန်းမြင့်အလယ်ပိုင်းဒေသရှိ ဓာတ်ခွဲခန်း ၄ ခုမှာ ဒါနန်း(Da Nang)၊ ဒတ်လက်(Dak Lak)နှင့် လမ်ဒေါင်(Lam Dong)တို့တွင်တည်ရှိပါသည်။ ဒူးရင်းသီးအဓိကစိုက်ပျိုးရာ ဒတ်လက်ဒေသတွင် ကက်ဒ်မီယမ်နှင့် အော်ရာမင်း အိုနှစ်မျိုးစလုံးကို စစ်ဆေးနိုင်သည့် အသိအမှတ်ပြုဓာတ်ခွဲခန်း ၁ ခုရှိပါသည်။

ဗီယက်နမ်၏စမ်းသပ်စစ်ဆေးရေးစနစ်အား ယခုကဲ့သို့အသိအမှတ်ပြုလိုက်ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးပို့ကုန်စီမံခန့်ခွဲမှုစွမ်းရည်ကို အားကောင်းလာစေရန်နှင့် အဓိကသစ်သီးဝလံများ၏ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေရန်အတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် တင်သွင်းလာသော စိုက်ပျိုးရေးထွက်ကုန်များအပေါ် ဓာတုဓာတ်ကြွင်းများနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများကို ဆက်လက်တင်းကျပ်နေသည့်အတွက် ဗီယက်နမ်နိုင်ငံမှ ဒူးရင်းသီးနှင့် ပိန္နဲသီးတင်ပို့မှုကို ရေရှည်ထိန်းသိမ်းကာ တိုးချဲ့သွားနိုင်ရန် ခိုင်မာသောအခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်လာစေမည်ဖြစ်ပါသည်။

Source:        https://vietnamnews.vn/economy/1784947/37-testing-facilities-approved-for-durian-jackfruit-exports-to-china.html

(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam