Korea

ဇီဝလောင်စာတင်သွင်းနေရသည့်နိုင်ငံအဖြစ်မှ ဇီဝလောင်စာတင်ပို့သည့်နိုင်ငံဖြစ်လာသည့် တောင်ကိုရီးယားနိုင်ငံ

Last Updated:

ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုသည့်နိုင်ငံအဖြစ်သို့ ကူးပြောင်းနေသည့် တောင်ကိုရီးယားနိုင်ငံသည် တစ်ချိန်က ဇီဝလောင်စာများနှင့် ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ အဓိကထားတင်သွင်းခဲ့ရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရပါသည်။ သို့သော် ယခုအခါ ဇီဝလောင်စာများတင်ပို့သည့်နိုင်ငံဖြစ်လာသည့်အပြင် ကမ္ဘာဈေးကွက်တွင် ဦးဆောင်တင်ပို့ရောင်းချသည့်နိုင်ငံဖြစ်လာမည့် အလား အလာများကြောင့် ကနေဒါနိုင်ငံ၊ အော်စလိုမြို့အခြေစိုက် Rystad Energy's ၏ ကမ္ဘာ့ဇီဝစွမ်းအင်စျေးကွက်သုတေသနဌာန (Global Bioenergy Market Research Division) မှ သုတေသီ  Mr. Lars Klesse က ပြောကြားခဲ့ပါသည်။

ယခင်က တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံအပါအဝင် အခြားသောနိုင်ငံများမှ စားအုံးဆီနှင့် အသုံးပြုပြီးဟင်းချက်ဆီ(used cooking oil-UCO)များကဲ့သို့သော ဇီဝလောင်စာကုန်ကြမ်းများတင်သွင်းမှုအပေါ် အားကိုးနေရသည့်နိုင်ငံဖြစ်ပါကြောင်း၊ သို့သော် လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၏ ဇီဝလောင်စာကဏ္ဍသည် ခရီးတစ်ခုရောက်နေပြီဖြစ်ပါကြောင်း၊  ရေရှည်တည်တံ့ခိုင်မြဲမည့် လေယာဉ်လောင်စာဆီ(Sustainable Aviation Fuel- SAF)နှင့် Hydro treated Vegetable Oil - HVO (စွန့်ပစ်ဟင်းချက်ဆီများ၊ တိရစ္ဆာန်အဆီများနှင့် ဟင်းသီးဟင်းရွက်ဆီများကဲ့သို့သောပြန်လည်သုံးစွဲနိုင်သည့်အရင်းအမြစ်များကို ဟိုက်ဒရို ဂျင်ထည့်သွင်းခြင်းဖြစ်စဉ်(High-Pressure Hydrotreatment Process)ဖြင့် ထုတ်လုပ်သောဒီဇယ်ဆီ)ကို ရည်ရွယ်ထုတ်လုပ်ခဲ့မှု အောင်မြင်နေပြီဖြစ်သည့်အတွက် အနာဂတ်တွင် HVO နှင့် SAF တို့အပြင် ‌လောင်စာဆီကုန်ကြမ်းများကိုပါ တင်ပို့သည့်နိုင်ငံဖြစ်လာနိုင်ကြောင်း သုတေသီ  Mr. Lars Klesse က ပြောကြားခဲ့ပါသည်။

လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံသည် HVO နှင့် SAF တို့ကို ဥရောပသမဂ္ဂနိုင်ငံများ၊ မြောက်အမေရိကနှင့် ဂျပန်နိုင်ငံတို့အပါအဝင် ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိပြီး တင်ပို့မှုပမာဏသည်လည်း မှတ်သားဖွယ်ရာအခြေအနေရောက်ရှိနေပါကြောင်း၊  HVO နှင့် SAF ထုတ်လုပ်ရာတွင် အထူးသဖြင့် အသုံးပြုပြီးဟင်းချက်ဆီ(Used Cooking Oil-UCO)ကို ကုန်ကြမ်းအဖြစ်အသုံးချပါကြောင်း၊ ယခင်က တရုတ်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်သို့ ဇီဝလောင်စာဆီကုန်ကြမ်းများကို တင်ပို့နေသော်လည်း ယခုအခါ ၎င်းကုန်ကြမ်းများကို တရုတ်ပြည်တွင်း၌ HVO နှင့် SAF ထုတ်လုပ်ရန် ပြည်ပသို့တင်ပို့မှု မရှိတော့ပါကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံသည် အဆိုပါအခွင့်အလမ်းကိုအရယူ၍ ကမ္ဘာ့ဈေးကွက်သို့ ဇီဝလောင်စာဆီ ကုန်ကြမ်းများနှင့် လေယာဉ်လောင်စာဆီ(SAF)ကို တင်ပို့ရောင်းချနိုင်ပြီဖြစ်ပါကြောင်း Mr. Lars Klesse က ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂနိုင်ငံများသည် ကာဗွန်လျှော့ချရေးရည်မှန်းချက်အရ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပြည့်ဖြိုးမြဲစွမ်းအင်များသုံးစွဲမှုအချိုးအစားကို မြှင့်တင်ရမည်ဖြစ်သည့်အတွက် အဆိုပါနိုင်ငံများသည် အကြီးဆုံးဈေးကွက်ကြီးအဖြစ် ရပ်တည်နေပါကြောင်း၊  ဥရောပသမဂ္ဂနိုင်ငံများမှ ပြဌာန်းထားသည့် ReFuelEU Aviation Regulation ၏သတ်မှတ်စည်းမျဉ်းနှင့်မညီပါက ပြစ်ဒဏ်ချမှတ်မည့်အစီအစဉ်များအရ အရည်အသွေးမြင့်လေယာဉ်လောင်စာဆီများဝယ်ယူတင်သွင်းရမည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံမှ SAF တင်ပို့သူများအတွက် ရေရှည်ဖောက်သည်ဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ ရေရှည်တည်တံ့သည့် လေကြောင်းသုံးလောင်စာဆီထုတ်လုပ်မှုတွင် ဦးဆောင်သည့်နိုင်ငံဖြစ်လာစေရေး ရည်ရွယ်ဆောင်ရွက်သင့်ကြောင်းနှင့် SAF တင်ပို့သူများသည် ကမ္ဘာ့လေကြောင်းလိုင်းများနှင့်ချိတ်ဆက်၍ လာမည့် ၇ နှစ်၊ ၁၀ နှစ်(သို့မဟုတ်) ၁၀ နှစ်ထက်ပိုသောနှစ်များတွင် ပုံမှန်ရောင်းလိုအားဖြင့် တင်ပို့ရောင်းချပေးနိုင်ရေး ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံသည် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် စက်မှု အခြေခံရှိသောနိုင်ငံဖြစ်သည့်အပြင် နိုင်ငံတကာစျေးကွက်ဝင်ရောက်နိုင်သည့်စွမ်းရည်ရှိပြီးနိုင်ငံဖြစ်သည့်အတွက် အစိုးရအနေဖြင့် ခိုင်မာသည့်မူဝါဒရည်မှန်းချက်များရှိရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုအားကောင်းလာစေရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း Mr. Lars Klesse က အကြံပြုခဲ့ပါသည်။

Source: Korea Herald

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea