အိန္ဒိယနိုင်ငံ၏ အာမခံနှင့် ငွေကြေးဈေးကွက်ထိန်းညှိကွပ်ကဲရေးအဖွဲ့(SEBI)သည် စိုက်ပျိုးရေးထွက်ကုန်ငွေကြေးစာချုပ်များ(Agricultural Commodity Derivatives)အတွက် တစ်ဦးချင်းလက်ဝယ်ထားရှိနိုင်သည့်စာချုပ်ပမာဏကန့်သတ်ချက်(Position Limits)များကို နှစ်ဆတိုးမြှင့်ရန်နှင့် စည်းကမ်းဖောက်ဖျက်မှုများအတွက် ဒဏ်ကြေးငွေများကို ပြန်လည်ပြင်ဆင်ရန် ၂၀၂၆ ခုနှစ်၊ မေလပထမအပတ်တွင် အဆိုပြုလိုက်ကြောင်း သိရှိရပါသည်။
Position Limits ဆိုသည်မှာ ဈေးကွက်အတွင်း အဆမတန်ခန့်မှန်းရောင်းဝယ်မှုများနှင့် တစ်ဦးတစ်ယောက်တည်းမှ ဈေးကွက်ကို ချုပ်ကိုင်ထားမှုကို ကာကွယ်ရန် ကုန်သည်တစ်ဦးချင်းစီအလိုက် လက်ဝယ်ထားရှိနိုင်သည့် စာချုပ်အရေအတွက်ကို ကန့်သတ်ထားခြင်းဖြစ်ပါသည်။
SEBI ၏ထုတ်ပြန်ချက်အရ လက်ရှိကန့်သတ်ချက်များကို ၂၀၁၇ ခုနှစ်ကတည်းက သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါဈေးကွက်အတွင်း ပါဝင်သူများနှင့် ထုတ်ကုန်အမျိုးအစားများ သိသိသာသာပြောင်းလဲတိုးတက်လာပြီဖြစ်သောကြောင့် ကန့်သတ်ချက်များကို တိုးမြှင့်ပေးခြင်းဖြင့် ဈေးကွက်အတွင်းငွေကြေးစီးဆင်းမှု(Liquidity)ပိုမိုကောင်းမွန်လာစေရန်နှင့် မှန်ကန်သောဈေးနှုန်းသတ်မှတ်ချက်များ(Price Discovery)ဖြစ်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
စိုက်ပျိုးရေးထွက်ကုန်များကို ၎င်းတို့၏ ထောက်ပံ့မှုပမာဏနှင့် ထိခိုက်လွယ်မှုအပေါ်မူတည်၍ အမျိုးအစားသုံးမျိုးခွဲခြားထားကြောင်း သိရှိရပါသည်။ Broad Category(ဈေးကွက်အတွင်း အရောင်းအဝယ်များသော ကုန်စည်များ) အတွက် တင်ပို့/ဖြည့်ဆည်းနိုင်မှု(Deliverable Supply)၏ ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ Narrow Category(ကန့်သတ်ချက်ရှိသောကုန်စည်များ)အတွက် ၀.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသို့လည်းကောင်း၊ Sensitive Category(ထိခိုက်လွယ်သောကုန်စည်များ)အတွက် ၀.၂၅ ရာခိုင်နှုန်းမှ ၀.၅ ရာခိုင်နှုန်းသို့လည်းကောင်း ကန့်သတ် ချက်များအား တိုးမြှင့်ရန်အဆိုပြုထားကြောင်းသိရှိရပါသည်။ (အစိုးရ၏ကြားဝင်ဆောင်ရွက်မှု၊ တင်သွင်း/တင်ပို့မှုကန့်သတ်ချက်များနှင့် ကုန်စည်သိုလှောင်မှုကန့်သတ်ချက်များရှိနိုင်သည့် ကုန်စည်များကို 'ထိခိုက်လွယ်သောကုန်စည်' အဖြစ် သတ်မှတ်ပါသည်။)
သတ်မှတ်ကန့်သတ်ချက်ထက် ကျော်လွန်၍ အရောင်းအဝယ်ပြုလုပ်သူများအတွက် ဒဏ်ကြေးများကိုလည်း အောက်ပါအတိုင်း ပိုမိုမျှတစေရန် ပြင်ဆင်ထားကြောင်း သိရှိရပါသည်-
- သတ်မှတ်ချက်ထက် ၂ ရာခိုင်နှုန်းအထိ ကျော်လွန်ပါက ဒဏ်ကြေးငွေကို အများဆုံး အိန္ဒိယရူပီး ၁၀,၀၀၀ ထက်မပိုစေရန် ကန့်သတ်(Cap)ထားရှိမည်။
- ၂ ရာခိုင်နှုန်းထက်ကျော်လွန်ပါက ဒဏ်ကြေးကို ပိုမိုတွက်ချက်သွားမည်ဖြစ်သော်လည်း အများဆုံး ရူပီး ၂ သိန်းထက်မပိုစေရန် သတ်မှတ်မည်။
- အကယ်၍ တစ်လအတွင်း ၃ ကြိမ်ထက်မက စည်းကမ်းဖောက်ဖျက်ပါက သက်ဆိုင်ရာအဖွဲ့ဝင်ကို အရောင်းအဝယ်တစ်ရက်ပိတ်ပင်ခြင်း(Square-off mode)နှင့် ထပ်ဆောင်းဒဏ်ကြေးများ ချမှတ်သွားမည်ဖြစ်သည်။
ကျွမ်းကျင်သူများကမူ ဤအပြောင်းအလဲများသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးကုန်သွယ်မှုကဏ္ဍကို ပိုမိုနက်ရှိုင်းစေပြီး နိုင်ငံတကာအဆင့်မီ ဈေးကွက်တစ်ခုဖြစ်လာစေရန် တွန်းအားပေးမည့် ခြေလှမ်းတစ်ရပ်ဖြစ်လာနိုင်မည်ဟု ဆွေးနွေးသုံးသပ်ထားကြကြောင်း သိရှိရပါသည်။
Source: The Business Line: SEBI proposes doubling position limits for agricultural commodity derivatives
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)