အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် ရှူဘန်ဒူး အဒီကာရီက ပြည်နယ်အတွင်းရှိ အာလူးစိုက်တောင်သူများနှင့် ကုန်သည်များ ကာလရှည်ကြာတောင်းဆိုလာခဲ့သည့်အချက်ကို လိုက်လျောပြီး ပြည်နယ် ပြင်ပသို့ အာလူးတင်ပို့မှုပိတ်ပင်ထားခြင်းကို မေလ ၁၄ ရက်နေ့က ပယ်ဖျက်ပေးလိုက်ကြောင်း သိရှိရသည်။ အဆိုပါဖြေလျှော့မှုတွင် အာလူးသာမက ကြက်သွန်နီ၊ စားသောက်ကုန်သီးနှံများ၊ ဆီထွက်သီးနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် အခြားမရှိမဖြစ်လိုအပ်သော ကုန်စည်အားလုံးကို နိုင်ငံတစ်ဝန်း မည်သည့်ဒေသ သို့မဆို အဟန့်အတားမရှိ သယ်ယူပို့ဆောင်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။
“ဒီနေ့ကစပြီး ပြည်နယ်အချင်းချင်း နယ်စပ်ဂိတ်တွေမှာ စိုက်ပျိုးရေး ဒါမှမဟုတ် မွေးမြူရေးထွက်ကုန်သယ်ယူပို့ဆောင်မှုကို ဘယ်သူမှ မတားဆီးရဘူး။ နှောင့်ယှက်မှုတွေလည်း မရှိစေရဘူး" ဟု ဝန်ကြီးချုပ် အဒီကာရီက ပြည်နယ်အတွင်းဝန်ရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ယခင်အစိုးရ၏ ညွှန်ကြားချက်များကြောင့် အအေးခန်းသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် အာလူးများသိုလှောင်ရန် စိုးရိမ်ထိတ်လန့်မှုများရှိခဲ့ကြောင်း အနောက်ဘင်္ဂလားပြည်နယ်အအေးခန်းသိုလှောင်ရုံလုပ်ငန်းရှင်များအသင်း (West Bengal Cold Storage Association)ဥက္ကဋ္ဌ Subhajit Saha က ပြောကြားခဲ့ကြောင်းသိရှိရသည်။ ၂၀၂၄ ခုနှစ်၌ အစိုးရချမှတ်ခဲ့သောအမိန့်ကြောင့် တောင်သူများ များစွာဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ အဆိုပါအမိန့်အပေါ် ကြောက်ရွံ့မှုများကြောင့် ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်များတွင် အသင်း၏အအေးခန်းများ၌ အာလူးသိုလှောင်ခြင်းများမလုပ်ခဲ့ရကြောင်း၊ ထို့ကြောင့် အာလူးအထွက်နှုန်းအများစုအနေဖြင့် စိုက်ခင်းများထဲ၌ပင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
လက်ရှိတွင် ပြည်နယ်အတွင်း အာလူးတန်ချိန်တစ်သန်းခန့် လက်ကျန်ရှိနေပြီး ၎င်းတို့ကို အခြားပြည်နယ်များသို့ တင်ပို့ရမည်ဖြစ်ကြောင်း အသင်းက ဆက်လက်ပြောကြားခဲ့သည်။"ဒီနှစ်မှာ တောင်သူတိုင်းဟာ ချွေးနှဲစာတွေရင်းပြီး စိုက်ပျိုးခဲ့ပေမယ့် ဘဏ္ဍာရေးအရ ဆုံးရှုံးမှုတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအကျိုးဆက်တွေကို မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေမှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်" ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ထို့ပြင်လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မည့် လမ်းပြမြေပုံ(Roadmap)ရေးဆွဲအတည်ပြုရန်အတွက် ကော်လ်ကတ္တားမြို့ရှိ Khadya Bhawan ၌ အရေးကြီးသော အစည်းအဝေးတစ်ခုကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
Sources: NDTV: Suvendu Adhikari Lifts Bengal's Inter-State Potato Export Ban
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)