အိန္ဒိယနိုင်ငံ၏ ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်(FY25)အတွင်း အမေရိကန်ဒေါ်လာ ၄.၇၂ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းတိုးတက်ကာ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ဈေးကွက်အတွင်း ဇီယာ၊ နနွင်း၊ ဟင်းခတ်အမွှေးအကြိုင်ဆီများနှင့် ငရုတ်ကောင်းတို့အပေါ် ဝယ်လိုအားမြင့်မားလာခြင်းက ယခုကဲ့သို့တင်ပို့မှု မြင့်တက်လာစေသည့် အဓိကတွန်းအားဖြစ်ခဲ့ပါသည်။
အိန္ဒိယ၏အကြီးမားဆုံးဟင်းခတ်အမွှေးအကြိုင်ပို့ကုန်ဖြစ်သည့် ငရုတ်သီးတင်ပို့မှုသည် ဈေးနှုန်းအတက်အကျပြုပြင်ပြောင်းလဲမှုများကြောင့် တင်ပို့မှုတန်ဖိုးမှာ ၁၁ ရာခိုင်နှုန်းလျော့နည်းကာ ဒေါ်လာ ၁.၃၄ ဘီလီယံသာရှိခဲ့ကြောင်းသိရပါသည်။ သို့သော်လည်း တင်ပို့မှုပမာဏမှာမူ တန်ချိန် ၇.၁၅ သိန်း(၁၉ ရာခိုင်နှုန်းနီးပါး)အထိခုန်တက်သွားပြီး ၎င်းကိန်းဂဏန်းသည် ငရုတ်သီးအပေါ် ကမ္ဘာ့ဝယ်လိုအား ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း ပြသနေပါသည်။ ဒုတိယအကြီးဆုံးပို့ကုန်ဖြစ်သည့် ဇီယာသည် တန်ဖိုးအားဖြင့် ၅ ရာခိုင်နှုန်းတိုးတက်ကာ ဒေါ်လာ ၇၃၂.၃၅ သန်းရှိခဲ့ပြီး၊ တင်ပို့မှုပမာဏမှာ ၆.၁၇ သိန်းတန်(၆ ရာခိုင်နှုန်းကျော်) တိုးတက်လာခဲ့ပါသည်။
နနွင်းတင်ပို့မှုသည် တင်ပို့သည့်ပမာဏပိုမိုများပြားလာခြင်းကြောင့် တန်ဖိုးအားဖြင့် ၅၁ ရာခိုင်နှုန်းအထိ အံ့အား သင့်ဖွယ်ခုန်တက်ခဲ့ပြီး ဒေါ်လာ ၃၄၁ သန်းအထိရောက်ရှိခဲ့သည်။ ထို့အတူ ဟင်းခတ်အမွှေးအကြိုင်ဆီနှင့် အဆီ အနှစ်များ(Oleoresins)တင်ပို့မှုသည်လည်း တန်ဖိုးအားဖြင့် ၈ ရာခိုင်နှုန်းနှင့်ပမာဏအားဖြင့် ၁၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ဒေါ်လာ ၅၃၅.၉၂ သန်းရှိခဲ့ကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍတွင် အပြုသဘောဆောင်သည့် တိုးတက်မှုများရရှိနေခြင်းသည် အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးထွက်ကုန်များအပေါ် နိုင်ငံတကာ၏ယုံကြည်မှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသူများက သုံးသပ်ထားကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဟင်းခတ်အမွှေးအကြိုင် ထုတ်လုပ်သူနှင့် တင်ပို့သူအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိပြီး၊ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိလည်းကောင်း၊ ၂၀၄၇ ခုနှစ်တွင် ဒေါ်လာ ၂၅ ဘီလီယံအထိလည်းကောင်း တိုးမြှင့်ရန် ရည်မှန်းချက်ထားရှိကြောင်း သိရှိရပါသည်။
ယခုကဲ့သို့ပို့ကုန်ကဏ္ဍတိုးတက်လာခြင်းသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးရေးအခြေခံစီးပွားရေးလုပ်ငန်းများခိုင်မာအားကောင်းမှုကို ပြသနေပြီး၊ ကမ္ဘာ့ဈေးကွက်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည့် အလားအလာကောင်းများကို ဖော်ညွှန်းနေပါသည်။ ကုန်ကြမ်းပို့ကုန်များအပြင် တန်ဖိုးမြှင့်ထုတ်ကုန်များကိုပါ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် အဆိုပါရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: The Economic Time: India’s spice exports hit a new high of $4.72 billion in FY25 on strong demand
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)