Japan

ဂျပန်နိုင်ငံ၏ တစ်ပတ်ရစ်ကားစျေးကွက်သည် ၂၀၂၅ ခုနှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ တစ်ပတ်ရစ်ကားစျေးကွက်သည် ၂၀၂၅ ခုနှစ်အတွင်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Japan's used car market expands to record ¥5.3 trillion in 2025” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် မော်တော်ယာဉ်ဆိုင်ရာ သုတေသနအဖွဲ့၏စစ်တမ်းအရ ဂျပန်နိုင်ငံ၏ ပြည်တွင်းကားဈေးကွက်တွင် တစ်ပတ်ရစ်ကားများရောင်းချရမှုပမာဏသည် ယန်း ၅.၃၂ ထရီလီယံရရှိခဲ့သည့်အတွက် လွန်ခဲ့သည့်ငါးနှစ်ကထက် ၅၄.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ ဂျပန်နိုင်ငံရှိ စားသုံးသူများသည် တစ်ပတ်ရစ်ပစ္စည်းများအပေါ် ထားရှိသည့်အယူအဆများပြောင်းလဲလာခြင်းနှင့် ကုန်ကြမ်းစျေးနှုန်းမြင့်တက်လာမှုကြောင့် ကားသစ်စျေးနှုန်းများကြီးမြင့်လာခြင်းတို့ကြောင့် တစ်ပတ်ရစ်ကားဈေးကွက်တိုးတက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။

၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း ဂျပန်နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁၀,၂၆၈ ဦးကို မေးမြန်းပြုစုခဲ့သည့် စစ်တမ်းအရ ၂၀၂၅ ခုနှစ်အတွင်း ကားသစ်တစ်စီး၏ ပျမ်းမျှစျေးနှုန်းသည် ယန်း ၃.၅၀ သန်းဖြစ်ပြီး တစ်ပတ်ရစ်ကားတစ်စီး၏ ပျမ်းမျှစျေးနှုန်းသည် ယန်း ၁.၇၅ သန်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ တစ်ပတ်ရစ်ကားပျမ်းမျှဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်ကထက် ယန်း ၃၉၇,၀၀၀ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဂျပန်နိုင်ငံရှိ ကားဝယ်ယူသူများသည် အွန်လိုင်းမှတစ်ဆင့် တစ်ပတ်ရစ်ကားများရောင်းချသည့် application များကို အသုံးပြုမှုပိုမိုတိုးတက်လာခဲ့ကြောင်း၊ အဆိုပါနည်းလမ်းမှတစ်ဆင့် အခြေအနေကောင်းမွန်၍ အသစ်နီးပါးဖြစ်သည့် တစ်ပတ်ရစ်ကားများကို ရွေးချယ်ဝယ်ယူမှု ပိုမိုများပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံရှိ သုံးစွဲသူများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဝယ်ယူခဲ့သည့် မော်တော်ယာဉ်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းနီးပါးမှာ တစ်ပတ်ရစ်ကားများဖြစ်ကြောင်း၊ အထူးသဖြင့် SUV နှင့် Hybrid ကားများအပေါ် ဝယ်လိုအားမြင့်တက်လာခြင်းက တစ်ပတ်ရစ်ကားစျေးနှုန်းများကို မြင့်တက်စေခဲ့ကြောင်း၊ SUV တစ်ပတ်ရစ်ကားတစ်စီး၏ ပျမ်းမျှစျေးနှုန်းမှာ ယန်း ၂.၉၂ သန်းအထိရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်ကထက် ၂၅. ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အဆိုပါတစ်ပတ်ရစ်စျေးကွက်သည် ဆက်လက်တိုးတက်လာမည်ဟုခန့်မှန်းထားကြောင်း၊ ရေရှည်ဖြစ်ပေါ်နေသော ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် စျေးသက်သာပြီး သက်တမ်းရင့်သည့် ကားငယ်လေးများ(mini vehicles)ကိုလည်း ကြိုက်နှစ်သက်သူ ပိုမိုများပြားလာခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: https://japantoday.com/category/business/japan's-used-car-market expands -to-record-5.3-trillion-yen-in-2025

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan