Thailand

မြဝတီနယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ခြင်းက ထိုင်း-မြန်မာကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်း၊ သို့သော် မြန်မာ့သွင်းကုန်မူဝါဒသစ်များက စိန်ခေါ်မှုဖြစ်နေဆဲ

Last Updated:

ထိုင်းနိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန(DFT)၏အဆိုအရ ပြီးခဲ့သည့်နှစ် ဩဂုတ်လကတည်းက ပိတ်ထားခဲ့သည့် ထိုင်းနိုင်ငံ၊ တာ့ခ်(Tak)ပြည်နယ်၊ မဲဆောက်ခရိုင်ရှိ ဒုတိယထိုင်း-မြန်မာချစ်ကြည်ရေးတံတားမျက်နှာချင်းဆိုင်ရှိ မြဝတီနယ်စပ်ဂိတ်ကို မြန်မာဘက်က မေလ ၂၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ် ရေးပြန်လည်ဦးမော့လာရန် အလားအလာကောင်းများရှိနေကြောင်း သိရသည်။

DFT ၏ညွှန်ကြားရေးမှူးချုပ် Mrs. Arada Fuangtong က ဤလမ်းကြောင်းသည် မြန်မာနိုင်ငံ၏ ပင်မစီးပွားရေးဇုန်များဆီသို့ ဦးတည်သည့် အဓိကတံခါးပေါက်(Major Gateway)ဖြစ်သဖြင့် ဂိတ်ပြန်ပွင့်ခြင်းကြောင့် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင်း ဝယ်လိုအားမြင့်မားနေသည့် လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများနှင့် အခြားစက်မှုကုန်ထုတ်ပစ္စည်းများကို ပြန်လည်တိုးမြှင့်တင်ပို့နိုင်တော့မည်ဖြစ်သည်။

၃။ ကုန်သွယ်မှုအပေါ် သက်ရောက်မည့် ရေပိုင်နက်နှင့် မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ:

(က)    သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ခ: ဂိတ်ပြန်ပွင့်ခြင်းက ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး သယ်ယူပို့ဆောင်ခစရိတ်(Transport Costs)များကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

(ခ)     မြန်မာ့သွင်းကုန်ထိန်းချုပ်မှုစနစ်သစ်(Export Earning Matching System): နယ်စပ်ကုန်သွယ်ရေးအမှန်တကယ်ပြန်လည်ဦးမော့လာရန်မှာ မြန်မာနိုင်ငံ၏သွင်းကုန်ထိန်းချုပ်မှုမူဝါဒများအပေါ်တွင်သာ အဓိကမူတည်နေ သည်။ လက်ရှိမြန်မာနိုင်ငံ၏သွင်းကုန်လိုင်စင်စနစ်သည် သွင်းကုန်သမား၏ "ပို့ကုန်ရငွေ(Export Earnings)" အပေါ် ချိတ်ဆက်ကန့်သတ်ထားသည်။ မြန်မာနိုင်ငံတွင်းသို့ ကုန်ပစ္စည်းတင်သွင်းလိုသည့် စီးပွားရေးလုပ်ငန်းများသည် မိမိတို့ကိုယ်တိုင်ပို့ကုန်ရငွေအလုံအလောက်ရှိရမည် သို့မဟုတ် ပို့ကုန်ရငွေရှိထားသည့် အခြားအဖွဲ့အစည်းများနှင့် စနစ်တကျချိတ်ဆက်အသုံးပြုနိုင်မှသာ သွင်းကုန်လိုင်စင်ခွင့်ပြုချက်ရရှိမည်ဖြစ်သည်။

(ဂ)     အချိန်ကြန့်ကြာမှုနှင့် ငွေလဲလှယ်မှုမူဝါဒ: ဤစနစ်သစ်ကြောင့် လိုင်စင်လျှောက်ထားမှုလုပ်ငန်းစဉ်များမှာ ယခင်ကထက် ပိုမိုအချိန်ကြာမြင့်လာပြီး၊ အချို့သောကုန်ပစ္စည်းအမျိုးအစားများအတွက် တစ်ခုချင်းစီအလိုက် (Case-by-case)အထူးခွင့်ပြုချက်ရယူရန် လိုအပ်နေသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်မှုစီမံခန့်ခွဲမှုမူဝါဒများနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဝယ်ယူနိုင်စွမ်းအားတို့သည် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း နယ်စပ်ကုန်သွယ်ရေးဦးတည်ချက်ကို ပုံဖော်မည့်အဓိကသော့ချက်များဖြစ်သည်။

၄။ လက်ရှိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ကိန်းဂဏန်းများကျဆင်းမှု:

(က)    စုစုပေါင်းကုန်သွယ်မှု: ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုစုစုပေါင်းပမာဏမှာ ဘတ် ၆၀.၈ ဘီလီယံသာရှိခဲ့ပြီး၊ ယမန်နှစ် ကာလတူထက် ၁၄.၄% ကျဆင်းခဲ့သည်။ (အဆိုပါပမာဏတွင် ထိုင်းမှ မြန်မာသို့ ပို့ကုန်ဘတ် ၃၇.၉ ဘီလီယံနှင့် မြန်မာမှ ထိုင်းသို့ သွင်းကုန်ဘတ် ၂၂.၉ ဘီလီယံရှိသည်)။

(ခ)     မဲဆောက်ဂိတ်တစ်ခုတည်း၏အခြေအနေ: မဲဆောက်နယ်စပ်ဂိတ်တစ်ခုတည်းမှ ကုန်သွယ်မှုပမာဏမှာ ဘတ် ၁၈.၂ ဘီလီယံသာရှိပြီး ယမန်နှစ်ကာလတူထက် ၃၉.၈% အထိ ဆိုးရွားစွာထိုးကျသွားခဲ့သည်။ ယင်းအနက် ထိုင်းဘက်မှ ပို့ကုန်ပမာဏသည် ၄၂.၅% အထိကျဆင်းကာ ဘတ် ၁၃.၄ ဘီလီယံသာရှိခဲ့ပြီး၊ မြန်မာဘက်မှ သွင်းကုန်ပမာဏမှာလည်း ၃၀.၄% ကျဆင်းကာ ဘတ် ၄.၇၅ ဘီလီယံသာရှိခဲ့သည်။

၅။ အွန်လိုင်းကျားဖြန့် (Scam) လုပ်ငန်းများ နှိမ်နင်းရေးနှင့် ကန့်သတ်ချက်သစ်များ:

 (က)   မဲဆောက်ကို ထိန်းချုပ်ဧရိယာအဖြစ် သတ်မှတ်ခြင်း: နယ်စပ်ဖြတ်ကျော်အွန်လိုင်း ငွေလိမ်ကျားဖြန့် (Scam-related businesses)လုပ်ငန်းများကို ကာကွယ်နှိမ်နင်းရန်အတွက် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက မဲဆောက်ခရိုင်ကို ကုန်စည်သွင်းကုန်/ပို့ကုန်ကန့်သတ်ထိန်းချုပ်ရာဇုန်(Controlled Area)အဖြစ် သတ်မှတ်ပြီး အထူးစစ်ဆေးမှုများပြုလုပ်နေသည်။

(ခ)     DFT ၏ပံ့ပိုးကူညီမှု: ဤကဲ့သို့ကာကွယ်ရေးဝန်ကြီးဌာန၏ တင်းကျပ်မှုများရှိနေသော်လည်း၊ DFT အနေဖြင့် ထိုင်းကုန်သည်များနှင့် လုပ်ငန်းရှင်များ နယ်စပ်တွင် အဟန့်အတားနည်းပါးစွာဖြင့် ကုန်သွယ်မှုပြုလုပ်နိုင်စေရန်နှင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရေရှည်တည်တံ့စွာပြန်လည်ဦးမော့လာစေရန် သက်ဆိုင်ရာအစိုးရအေဂျင်စီများနှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းများဖြေလျှော့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကိုးကား။ Bangkok Post

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand