ဒူဘိုင်းအခြေစိုက်အစိုးရလေကြောင်းလိုင်းတစ်ခုဖြစ်သော flydubai သည် ၎င်းတို့၏တည်ရှိနေမှုကို အားကောင်းစေရန်အတွက် ၎င်းတို့၏ထိုင်းနိုင်ငံတွင် စုစုပေါင်းပျံသန်းလည်ပတ်မှုကို တစ်ပတ်လျှင် ၂၈ ကြိမ်အထိတိုးမြှင့်ပြေးဆွဲခဲ့ပါသည်။
၎င်းဝန်ဆောင်မှုအသစ်သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Terminal 3 မှ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်အထိ ပြေးဆွဲသွားမည်ဖြစ်ပါသည်။ အဆိုပါတိုးချဲ့ပျံသန်းမှုသည် အရှေ့တောင်အာရှ၏ အကျော်ကြားဆုံးအပန်းဖြေနှင့် စီးပွားရေးနေရာများထဲမှတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံနှင့်ဒူဘိုင်းပြည်နယ်အကြား ခရီးသွားလာမှုအတွက် ရေရှည်ဝယ်လိုအားကို ထင်ဟပ်စေကြောင်း သတင်းဖော်ပြထားပါသည်။
flydubai ၏ အမှုဆောင်အရာရှိချုပ် Hamad Obaidalla က တိုးမြှင့်လာသော ပျံသန်းလည်ပတ်မှုကြိမ်နှုန်းသည် လေကြောင်းလိုင်း၏ကြီးထွားလာနေသော ကွန်ရက်တစ်လျှောက်တွင် ဖောက်သည်များအား ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိမှုနှင့် အဆင်ပြေမှုကို ပေးဆောင်မည့်ကတိကဝတ်ကို မီးမောင်းထိုးပြလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ Terminal 3 မှ ပြေးဆွဲသော လေယာဉ်ခရီးစဉ်များနှင့် codeshare ဖြင့် ပျံသန်းသော လေယာဉ်ခရီးစဉ်များသည် ခရီးသည်များအား ဒူဘိုင်းမှတစ်ဆင့် GCC နိုင်ငံများ၊ ဥရောပနှင့် အခြားဒေသများဆီသို့ ချောမွေ့စွာချိတ်ဆက်မှုမှ အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားခဲ့ပါသည်။
ဝန်ဆောင်မှုနှစ်ဆတိုးချဲ့သည့် နေ့စဉ်ပျံသန်းမှုကို flydubai နှင့် Emirates codeshare မိတ်ဖက်အဖွဲ့များအောက်တွင်ပေးအပ်သွားမည်ဖြစ်ပြီး ခရီးသည်များအား လက်မှတ်တစ်စောင်တည်းဖြင့် ခရီးစဉ်များ၊ ခရီးဆောင်အိတ်များကို စစ်ဆေးခြင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိနေရာ ၂၄၀ ကျော်တို့၏ ကျယ်ပြန့်သော ပေါင်းစပ်ကွန်ရက်သို့ ဝင်ရောက်ခွင့်တို့ကို ပေးဆောင်မည်ဖြစ်ပါသည်။
ဤသို့နောက်ဆုံးထပ်တိုးချဲ့မှုဖြင့် flydubai သည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာခြေရာကို ဆက်လက်တိုးချဲ့လျက်ရှိပြီး ယခုအခါတွင် ခရီးစဉ် ၁၃၅ ခုကျော်ကို လွှမ်းခြုံထားပါသည်။ လေကြောင်းလိုင်း၏ကွန်ရက်တိုးတက်မှုသည် ဒူဘိုင်း ၏ထိပ်တန်းနိုင်ငံတကာလေကြောင်းဗဟိုချက်နှင့်အရှေ့နှင့်အနောက်ဒေသများအကြား အဓိကဝင်ပေါက်အဖြစ် ဒူဘိုင်း၏အခန်းကဏ္ဍကို ပိုမိုအားကောင်းစေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
ဘန်ကောက်ခရီးစဉ်အသစ်များသည် ယူအေအီးနှင့်ထိုင်းနိုင်ငံအကြား ခရီးသွားလုပ်ငန်း၊စီးပွားရေးခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုများအား တိုးတက်လာစေရန် ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ထားပြီး ဒူဘိုင်းမှတစ်ဆင့် ခရီးသွားလာကြသည့်အခါ ခရီးသည်များအား ရွေးချယ်စရာနှင့် ချိတ်ဆက်မှုပိုမိုရရှိစေရန် မျှော်မှန်းထားကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။
News Source: Emirates News Agency
(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)