U. A. E

ယူအေအီးနှင့်ဘာရိန်းနိုင်ငံတို့ One-Point လေကြောင်းခရီးသွားစီမံကိန်းအား စတင်ပူးတွဲဆောင်ရွက်

Last Updated:

အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းဘုရင့်နိုင်ငံတို့သည် ၎င်းတို့၏နိုင်ငံသားများအတွက် လေကြောင်းခရီးသွားလာမှုကို ရိုးရှင်းစေရန်၊ စောင့်ဆိုင်းချိန်များကို လျှော့ချရန်နှင့် ပိုမိုမြန်ဆန်ပြီး ပိုမိုချောမွေ့သောခရီးသည်အတွေ့အကြုံများကို ဖန်တီးရန်ပုံစံထုတ်ထားသော နယ်စပ်ဖြတ်ကျော်အစီအစဉ်တစ်ခုဖြစ်သည့် One-Point လေကြောင်းခရီးသွားလာရေးစီမံကိန်း၏စမ်းသပ်အဆင့်ကို စတင်ဆောင်ရွက်ခဲ့ပါသည်။

ဤစီမံကိန်းသည် နှစ်နိုင်ငံအကြား ခရီးသွားလာနေကြသော ခရီးသွားများအား ထွက်ခွာမှုမတိုင်မီ ရှင်းလင်းရေးစနစ်မှတစ်ဆင့် ၎င်းတို့၏ထွက်ခွာရာလေဆိပ်တွင် ဝင်ခွင့်လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်စေရန် လုပ်ဆောင်နိုင်စေမည်ဖြစ်ပြီး ပထမအဆင့်တွင် Zayed အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဘာရိန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ပါဝင်မည်ဖြစ်ပါသည်။

ယူအေအီးနိုင်ငံတွင် ဤအစီအစဉ်ကို ဖက်ဒရယ်မှတ်ပုံတင်၊ နိုင်ငံသားဖြစ်မှု၊ အကောက်ခွန်နှင့် ဆိပ်ကမ်းလုံခြုံရေးအာဏာပိုင်အဖွဲ့အစည်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ဘာရိန်းနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာနက ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနှင့် အခြားသက်ဆိုင် ရာအဖွဲ့အစည်းများတို့နှင့်ပူးပေါင်း၍ ၎င်းတို့၏ဘက်မှ အကောင်အထည်ဖော်မှုကို ဦးဆောင်လျက်ရှိပါသည်။

၎င်းစနစ်သည် အီလက်ထရွန်းနစ်ချိတ်ဆက်မှု၊ ဇီဝမက်ထရစ်အတည်ပြုခြင်း၊ e-gates၊ စောင့်ကြည့်ရေးနည်းပညာများနှင့် အဆင့်မြင့်ခရီးသည်အချက်အလက်လုပ်ဆောင်မှုများအပေါ် မှီခိုအားထားရမည်ဖြစ်ပါသည်။ ခရီးသွားများ၏လှုပ်ရှားမှုများကို ရောက်ရှိခြင်းမပြုမီ အတည်ပြုပြီး မှတ်တမ်းတင်ထားသောကြောင့် ခရီးသည်များသည် ၎င်းတို့၏ဦးတည်ရာဒေသရှိ သမရိုးကျဝင်ခွင့်လုပ်ထုံးလုပ်နည်းများကို ကျော်လွှားနိုင်ပြီး လေဆိပ်များကို ပိုမိုမြန်ဆန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပါသည်။

ယူအေအီးအာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Suhail Saeed Al Khaili က ဤစီမံကိန်းသည် အဆင့်မြင့်နည်းပညာနှင့်အချက်အလက်ဖလှယ်မှုများမှတစ်ဆင့် ပိုမိုဘေးကင်းပြီး အဆင်ပြေသောခရီးသွားအတွေ့ အကြုံများကို ပေးအပ်သွားမည့် GCC နိုင်ငံများ၏ကတိကဝတ်ကို ထင်ဟပ်စေကြောင်းပြောကြားခဲ့ပါသည်။ ၎င်းက ဤအစီအစဉ်သည် ခရီးသွားလုပ်ငန်းကို တိုးမြှင့်ရန်၊ နှစ်နိုင်ငံကုန်သွယ်ရေးကို အားကောင်းစေရန်နှင့် လေဆိပ်နှစ်ခုလုံးအား ဒေသတွင်းစီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးသည့် အဓိကထွက်ခွာရာဗဟိုချက်များအဖြစ် ပြောင်းလဲရန်ကူညီပေးနိုင်လိမ့်မည်ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ဆိပ်ကမ်းများဆိုင်ရာ အာဏာပိုင်အဖွဲ့၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Mohammed Ahmed Al Kuwaiti က ဤစီမံကိန်းအား ယူအေအီးနှင့်ဘာရိန်းအကြား မဟာဗျူဟာမြောက်ပေါင်းစည်းမှုကို နက်ရှိုင်းစေသည့် လက်တွေ့ကျသောဥပမာတစ်ခုအဖြစ် ဖော်ပြခဲ့ပါသည်။ လုံခြုံသောအချက်အလက်ဖလှယ်မှုနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု သည် အဆိုပါအစီအစဉ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး GCC နိုင်ငံများတစ်ဝှမ်းရှိ အနာဂတ်စမတ်မိုဘိုင်းစီမံကိန်းများအတွက် တိုးချဲ့နိုင်သောပုံစံတစ်ခအဖြစ် သတ်မှတ်ထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

News Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: U. A. E