ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆန်ပို့ကုန်များကို တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ ဂျပန်နှင့် ဟောင်ကောင်တို့သို့ တိုးမြှင့်တင်ပို့သွားမည့်အစီအစဉ်ကို ကြေညာခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ်နှောင်းပိုင်း နှစ်ဝက်အတွင်း ဆန်ပို့ကုန်အလားအလာနှင့်စပ်လျဉ်း၍ ဝန်ကြီး H.E Mr. Jatuporn Buruspat က ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုင်းနှင့် တရုတ်တို့အကြား အစိုးရအချင်းချင်းသဘောတူစာချုပ်အောက်မှ ပေးပို့ရန်ကျန်ရှိသည့် ဆန်တန်ချိန် ၂၈၀,၀၀၀ တင်ပို့မှုကို အရှိန်မြှင့်တင် ဆောင်ရွက်နိုင်ရေး တရုတ်အာဏာပိုင်များနှင့်တွေ့ဆုံရန် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနကို လမ်းညွှန်ထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆန်ဖြူနှင့် ပေါင်းဆန်ဝယ်လိုအားမြင့်တက်လာသည့် ဂျပန်၊ ဆော်ဒီအာရေဗျနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းစပယ်ဆန်အတွက် ဈေးကွက်ကြီးထွားလာသော ဟောင်ကောင်တို့သို့ တိုးမြှင့်ရောင်းချနိုင်ရေးဦးစားပေးလျက်ရှိကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ယခုနှစ်တွင် ကမ္ဘာ့ဆန်ပိုလျှံမှုဖြစ်ပေါ်ခဲ့ပြီး ဝယ်လိုအားကျဆင်းခဲ့သောကြောင့် စိန်ခေါ်မှုရှိသည့် နှစ်တစ်နှစ်ဖြစ် ကြောင်း၊ ပြီးခဲ့သည့်နှစ်က ဆန်တန်ချိန် ၄ သန်းဝယ်ယူတင်သွင်းခဲ့သည့် အင်ဒိုနီးရှားက ယခုနှစ်တွင် ပမာဏအနည်းငယ်သာဝယ်ယူမည်ဟု ခန့်မှန်းထားကြောင်း၊ ဆန်ဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ၁၉-၂၀ ဘတ်မှ ၁၀.၅၀ ဘတ်သို့ကျဆင်းခဲ့ပါကြောင်း၊ ယှဉ်ပြိုင်ဘက်များက ထိုင်းဆန်အရည်အသွေးနှင့် ၎င်းတို့ဆန်အရည်အသွေးအကြား ကွာဟချက်ကိုနည်းနိုင်ရေး ဆန်အရည်အသွေးကို တိုးမြှင့်ကြပါကြောင်း၊ အကယ်၍ ထိုင်းဆန်ဈေးနှုန်းသည် ကြီးမြင့်နေပါက ဝယ်သူများက အခြားဖက်သို့ ပြောင်းရွှေ့သွားနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်အလား အလာမြင့်မားသော တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ဈေးကွက်ဗျူဟာများနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းစဉ်များကို ပြင်းပြင်းထန်ထန်ဆောင်ရွက်သင့်ကြောင်း၊ အာရှတွင်လူကြိုက်များသည့် ဆန်ပျော့အမျိုးအစားကိုလည်း ကမ်းလှမ်းသင့်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ဖြည့်စွက်ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် ယှဉ်ပြိုင်မှုကို မြှင့်တင်ရန်အတွက် ၁ ဒေါ်လာလျှင် ၃၃ ဘတ်-၃၄ ဘတ်တွင် တည်ငြိမ်စေရန် ထိန်းသိမ်းသင့်ကြောင်း၊ ငွေလဲနှုန်းအတက်အကျဖြစ်ခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များ ၏ဈေးကွက်ဆုံးဖြတ်ချက်ကို လွှမ်းမိုးပါကြောင်း၊ အစိုးရအနေဖြင့် ဆန်မာကို အလုပ်သမားများအတွက် အသုံးပြုသည့် ဆော်ဒီအာရေဗျတွင် ထိုင်းဆန်အတွက် ဈေးကွက်ရရှိနိုင်ရေး အရှိန်မြှင့်တင်ဆောင်ရွက်သင့်ပြီး ဂျပန်၌ ပို့ကုန်ခွဲတမ်းတိုးမြှင့်နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ အီရတ်သည် ထိုင်းဆန်အတွက် အခြားသောအလားအလာရှိသည့် ဈေးကွက်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ Mr. Charoen Laothamatas က အကြံပြုပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း ဘတ် ၇၅.၆ ဘီလီယံတန်ဖိုးရှိသော ဆန်တန်ချိန် ၃.၇၃ သန်း တင်ပို့ခဲ့ပြီး ယခုနှစ်အတွင်း တန်ချိန် ၇.၅ သန်းတင်ပို့ရန် ခန့်မှန်းထားကြောင့် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)