Japan

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများတင်သွင်းမှုမှာ ၆၈ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

၂၀၂၃ ခုနှစ် ဩဂုတ်လနှောင်းပိုင်းတွင် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ပြီးနောက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများ အားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ပါသည်။ ထိုသို့တင်သွင်းမှုမပိတ်ပင်မီ တစ်နှစ်တာကာလနှင့်နှိုင်းယှဉ်ပါက တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများတင်သွင်းမှုမှာ ဩဂုတ်လတွင် ၆၇.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ၁၈-၉-၂၀၂၃ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများတင်သွင်းမှုမှာ ဇူလိုင်လတွင် ၂၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ဩဂုတ်လတွင် ပိုမိုကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ယန်း ၁၄၉.၀၂ သန်း(အမေရိကန်ဒေါ်လာ ၂၀.၄၃)တန်ဖိုးရှိ ရေထွက်ပစ္စည်းများကို ဂျပန်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့သည့်ရေများတွင် နျူကလီးယားပါဝင်သည်ဟုဆိုကာ ထိုသို့စွန့်ပစ်မှုကို ချက်ချင်းရပ်တန့်ရန်တောင်းဆိုခဲ့ပြီး အပြင်းအထန်ဆန့်ကျင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့သည့် ဩဂုတ်လနှောင်းပိုင်းမတိုင်မီကာလဖြစ်သည့် ဇူလိုင်လအစောပိုင်းကတည်းကပင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံ၏ရေထွက်ပစ္စည်းများအားလုံးတွင် ရေဒီယိုသတ္တိပါဝင်မှု ရှိ-မရှိစမ်းသပ်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကာ တင်းကြပ်သည့်ထိန်းချုပ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထို့နောက် ဩဂုတ်လနှောင်းပိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ တင်သွင်းလာမည့်ရေထွက်ပစ္စည်းများကို အရေးပေါ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာကုန်သွယ်ရေးစည်းမျဉ်းများကို ကြီးကြပ်သည့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အကြောင်းကြားစာပေးပို့ခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာလအစောပိုင်းတွင် ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံ၏ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းအပေါ် လုံးဝလက်ခံနိုင်ခြင်းမရှိကြောင်းနှင့် ထိုသို့ပိတ်ပင်မှုကို ချက်ချင်းရုပ်သိမ်းပေးရန် တရုတ်နိုင်ငံကို တောင်းဆိုကြောင်း ဖော်ပြထားသည့်တိုင်ကြားစာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပေးပို့တင်ပြခဲ့ကြောင်းဖော်ပြထားပါသည်။

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုသည် ကမ္ဘာလုံးဆိုင်ရာ ဘေးကင်းလုံခြုံမှုစံနှုန်းများနှင့်ကိုက်ညီကြောင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့အပေါ် ထိခိုက်နိုင်မှုပမာဏမှာ မပြောပလောက်ကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)မှ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။

သုံးသပ်တင်ပြချက်

တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍအတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၌ ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများတင်ပို့မှုမှာ ဂျပန်နိုင်ငံမှ စုစုပေါင်းတင်ပို့မှု၏ ၂၈ ရာခိုင်နှုန်းရှိခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ၏ရေထွက်ပစ္စည်းထုတ်လုပ်မှု၏ သုံးပုံတစ်ပုံနီးပါးကို တရုတ်ဈေးကွက်တစ်ခုတည်းသို့ တင်ပို့ခဲ့သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုပိတ်ပင်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ရေလုပ်ငန်းကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုသို့ရေလုပ်ငန်းကဏ္ဍအပေါ် ထိခိုက်မှုများသက်သာစေရေးအတွက် ဂျပန်အစိုးရအနေဖြင့် ထောက်ပံ့ငွေများတိုးမြှင့်ထောက်ပံ့ပေးရေးအပါအဝင် ရေလုပ်ငန်းကဏ္ဍတိုးတက်စေရေးအတွက် ပြည်တွင်းစားသုံးမှုမြှင့်တင်နိုင်ရေး၊ ပြည်ပဈေးကွက်အသစ်များ ရှာဖွေနိုင်ရေးအတွက် မဟာဗျူဟာများချမှတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

Source: The Nikkei Asia (၁၈-၉-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: Japan