Singapore

စင်ကာပူနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား Financial Transparency Corridor Initiative (FTC) စတင်ဆောင်ရွက်

Last Updated:

စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့(Monetary Authority of Singapore–MAS)နှင့် ကမ္ဘောဒီးယားအမျိုးသားဘဏ်(National Bank of Cambodia–NBC)တို့က Financial Transparency Corridor Initiative(FTC)စတင်ဆောင်ရွက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ MAS က သတင်းထုတ်ပြန်ခဲ့ပါသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Samdech Moha Borvor Thipadei HUN Manet ၏ စင်ကာပူနိုင်ငံသို့လာရောက်ခဲ့သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် FTC ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါသည်။

FTC သည် စင်ကာပူနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံရှိ ငွေကြေးအဖွဲ့အစည်းများအကြား သဘောတူညီချက်ကိုအခြေခံသည့်ဒီဂျစ်တယ်အခြေခံအဆောက်အအုံ(Digital Infrastructure) နှင့် ကွန်ရက်တစ်ခုဖြစ်ပြီး အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအကြား ကုန်သွယ်မှုနှင့်နယ်စပ်ဖြတ်ကျော်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတိုးတက်စေရေး ရည်ရွယ်ပါသည်။ အချက်အလက်များ လွယ်ကူစွာအသုံးပြုနိုင်ခြင်းဖြင့် ငွေကြေးအဖွဲ့အစည်းများသည် ငွေကြိုတင်ထုတ်ယူသုံးစွဲမှုအန္တရာယ်ဆန်းစစ်မှုများ(Credit risk assessments)ကို ပိုမိုကောင်းမွန်စွာကိုင်တွယ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား အသေးစားနှင့်အလတ်စားကုန်သွယ်မှုများအတွက် ဘဏ္ဍာငွေပိုမိုရရှိစေရန် အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

FTC တွင် ကနဦးပါဝင်သည့် ငွေကြေးအဖွဲ့အစည်းများမှာ စင်ကာပူနိုင်ငံမှ ANEXT Bank Pte Ltd၊ Liquid Group Pte Ltd နှင့် Sing Investments & Finance Limited တို့ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှ Advanced Bank of Asia Ltd၊ ACLEDA Bank PLC၊ Phillip Bank PLC၊ Sathapana Bank PLC နှင့် Wing Bank PLC တို့ဖြစ်ပါသည်။

FTC မှတစ်ဆင့် သတင်းအချက်အလက်ဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ Sing Investments & Finance Limited သည် FTC ကိုအသုံးပြု၍ ကမ္ဘောဒီးယား အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းမှ ကုန်စည်နှင့်ကုန်ကြမ်းများကို ဝယ်ယူနေသည့် စင်ကာပူအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မည်ဖြစ်ပါသည်။ Liquid Group Pte Ltd သည် အဆိုပါစင်ကာပူ-ကမ္ဘောဒီးယားကုန်သွယ်မှုနှင့်ဆက်စပ်သည့် နိုင်ငံခြားငွေပေးချေမှုများတွင် လိုအပ်သည့်စစ်ဆေးမှုများကို ကူညီပေးမည်ဖြစ်ပါသည်။ Sathapana Bank PLC က စင်ကာပူအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ အိမ်ဆောက်ပစ္စည်းများတင်သွင်းသည့် ကမ္ဘောဒီးယား အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ငွေကြေးထောက်ပံ့မှုပေးသွားမည်ဖြစ်ပါသည်။

FTC ဆောင်ရွက်မှု၏ အကျိုးဆက်အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးကို အထောက်အကူပြုရန် ငွေကြေးအဖွဲ့အစည်းများပါဝင်မှုအရေအတွက်၊ ငွေကြေးစီးဆင်းမှု(Green Finance)နှင့် ကုန်သွယ်မှုဆိုင်ရာဘဏ္ဍာရေးစသည်တို့ တိုးတက်များပြားလာစေမည်ဖြစ်ပါသည်။  

“FTC စတင်ဆောင်ရွက်ခြင်းသည် ဒီဂျစ်တယ်အခြေခံအဆောက်အအုံမှ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ငွေကြေးဆိုင်ရာအချက်အလက်များဖလှယ်ခြင်းဖြင့် ယင်းလုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုများပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ငွေကြေးအဖွဲ့အစည်းများပါဝင်ခြင်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း” MAS ၏မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Chia Der Jiun က ပြောကြားခဲ့ပါသည်။“FTC သည် NBC နှင့် MAS တို့၏ စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် သတင်းအချက်အလက်ရရှိရေးကို အထောက်အကူဖြစ်စေရေးမျှော်မှန်းချက်ကို ထင်ဟပ်စေမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံအကြား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသည့်အချက်အလက်များဖြစ်စေခြင်းဖြင့် အသေး စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ FTC စတင်ဆောင်ရွက်မှုသည် ကုန်သွယ်မှုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုစသည်တို့ကို မြှင့်တင်ရန်ဟူသည့် နှစ်နိုင်ငံ၏ကတိကဝတ်ကို အလေးပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း” NBC Governor ဖြစ်သူ H.E. Dr. Serey Chea က ပြောကြား ခဲ့ပါသည်။

စင်ကာပူနိုင်ငံအနေဖြင့် FTC ဆောင်ရွက်ခြင်းသည် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အများစုလိုလားချက်ဖြစ်သည့် ငွေကြေးရရှိနိုင်မှုလွယ်ကူစေခြင်း၊ ဈေးကွက် ရရှိစေခြင်းတို့အတွက် တစ်ဖက်တစ်လမ်းမှ အကူအညီပေးသည့် ဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        Monetary Authority of Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူ)

Category: Singapore