စင်ကာပူနိုင်ငံ၏ စက်သုံးဆီရောင်းချသည့်ကုမ္ပဏီ Global Group သည် ၎င်း၏ ကုန်းတွင်းလောင်စာဆီဈေးကွက်မှ လောင်စာဆီသုံးပုံနှစ်ပုံကို သိုလှောင်နိုင်မည့် စက်ရုံတစ်ခုကို တီမောလက်စ်တေနိုင်ငံတွင် ပထမဆုံးစက်ရုံအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း The Business Times သတင်းစာတွင် ဖော်ပြပါရှိပါသည်။
အဆိုပါစက်ရုံတည်ဆောက်ခြင်းကို ၁၀ လကြာမြင့်မည်ဟုခန့်မှန်းထားပြီး ဒီဇယ်ဆီလီတာ ၃.၅ သန်းနှင့် ဓာတ်ဆီလီတာ ၂.၅ သန်းသိုလှောင်နိုင်မည့် သိုလှောင်ကန် ၂ ခုပါဝင်မည်ဖြစ်ကြောင်း၊ကုမ္ပဏီအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ၎င်း၏ဆီသိုလှောင်နိုင်မှုပမာဏကို တိုးချဲ့သွားရန်ရှိကြောင်း၊ အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိသိုလှောင်ကန်ကို တီမောလက်စ်တေနိုင်ငံရှိ Liquica ကမ်းခြေမြို့တွင် ၂ ဧကကျယ်ဝန်းသောမြေဧရိယာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ သိုလှောင်မည့်လောင်စာဆီပမာဏကို စင်ကာပူနိုင်ငံအတွင်း၌ လက်လီနှင့် လက်ကားရောင်းချခြင်းတို့အတွက် အသုံးပြုမည်ဖြစ်ပြီး Global Group သည် နိုင်ငံတစ်ဝှမ်းစက်သုံးဆီအရောင်းဆိုင် ၉ ခုနှင့် ဆိပ်ကမ်းများ၊ သင်္ဘောတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်သုံးဆီများ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။
Global Group ကုမ္ပဏီအနေဖြင့် စင်ကာပူနိုင်ငံအစိုးရ၏ ၂၀၂၉ ခုနှစ်တွင် ဒေသတွင်းလောင်စာဆီသိုလှောင်သည့် အဓိကအချက်အချာနေရာဖြစ်လာစေရေးမျှော်မှန်းချက်ကို ဖြည့်ဆည်းပေးလျက် နိုင်ငံအဆင့်ဖွံ့ဖြိုးတိုးတက်မှုအစီ အစဉ်များနှင့် ရင်းနှီးမြုပ်နှံမှုတိုးတက်လာစေရန်အဆင့်တစ်ခုအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊တီမောလက်စ်တေနိုင်ငံတွင် ဆောင်ရွက်မည့်လုပ်ငန်းသည် နှစ်စဉ် ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိတိုးတက်ရန် မျှော်မှန်းထားကြောင်း၊ Global Group သည် တီမောလက်စ်တေနိုင်ငံတွင်း၌ စက်သုံးဆီရောင်းချသည့်လုပ်ငန်းမဆောင်ရွက်မီ နိုင်ငံခြားသားပိုင်ကုမ္ပဏီများက ဆောင်ရွက်သော ပုဂ္ဂလိကစီမံကိန်းများအတွက် လုပ်ငန်းသုံးစက်ကိရိယာများရောင်းချခြင်းဖြင့် ဈေးကွက်အတွင်းသို့ ၂၀၁၂ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ယခုအခါ လောင်စာဆီသယ်ဆောင်သည့် မော်တော်ယာဉ် ၅၀ စီးဖြင့် နိုင်ငံအတွင်း အကြီးဆုံးသော စက်သုံးဆီရောင်းချသည့် ကုမ္ပဏီအဖြစ်ရပ်တည်လျက်ရှိကြောင်း၊ ယခုဆောင်ရွက်သည့် စက်ရုံတည်ဆောက်ခြင်းစီမံကိန်း၏ ဒုတိယအဆင့်ကို ၂၀၃၀ ပြည့်နှစ်တွင် စတင်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
Global Group သည် လွန်ခဲ့သည့် ၆ နှစ်ခန့်အတွင်း တီမောလက်စ်တေနိုင်ငံသို့ လောင်စာဆီတင်ပို့ခြင်းလုပ်ငန်းကို အင်ဒိုနီးရှားနိုင်ငံအစိုးရပိုင် Pertamina စွမ်းအင်ကုမ္ပဏီ၏ သိုလှောင်စက်ရုံမှတစ်ဆင့်ဆောင်ရွက်ခဲ့ပြီး ၎င်း၏ အမြတ်ငွေ အမေရိကန်ဒေါ်လာသန်း ၅၀ မှ သန်း ၆၀ အနက်မှ အမေရိကန်ဒေါ်လာ ၁.၈ သန်းကို တစ်ဆင့်ခံတင်ပို့ရောင်းချခြင်းအတွက် နှစ်စဉ်ကုန်ကျခဲ့ပါသည်။ Pertamina စွမ်းအင်ကုမ္ပဏီသည် မြို့တော် Dili ရှိ စက်ရုံကို Liquica မြို့သို့ ပြောင်းရွှေ့ရန်ပြင်ဆင်လျက်ရှိပြီး Global Group မှ ထပ်မံတည်ဆောက်မည့် စက်သုံးဆီသိုလှောင်စက်ရုံသည် အစိုးရအတွက် စက်သုံးဆီလီတာ ၁၅၀,၀၀၀ ကိုအရန်အဖြစ် သိုလှောင်ထားနိုင်မည်ဖြစ်သည့်အတွက် စွမ်းအင်လုံခြုံစိတ်ချရမှုကိုပေးစွမ်းနိုင်မည်ဖြစ်ပါသည်။Global Group က တီမောလက်စ်တေနိုင်ငံတွင် ဆက်လက် ဆောင်ရွက်မည့်စီမံကိန်းများတွင် နိုင်ငံတကာမှကုန်တင်သင်္ဘောများဆိုက်ကပ်သည့် Tibar Bay Port ၌ လောင်စာဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းလည်း အပါအဝင်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံသည် တီမောလက်စ်တေနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံများစာရင်းတွင်ပါဝင်ပြီး မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင်လည်း စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့်အခြေခံအဆောက်အအုံကဏ္ဍများ၌ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။ တီမောလက်စ်တေနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာသည့်အတွက် အဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာနိုင်မည်ဖြစ်ရာ ယခုကဲ့သို့ Corporate လုပ်ငန်းစုများ၏ ဈေးကွက်ချဲ့ထွင်မှုသည် ပိုမိုနီးကပ်သည့် ချိတ်ဆက်ဆောင်ရွက်မှုများကို ဖန်တီးပေးနိုင်သည့်အတွက် တီမောလက်စ်တေနိုင်ငံ၏ဝင်ငွေနှင့်အလုပ်အကိုင်အခွင့်အလမ်းများကိုလည်းကောင်း၊ စင်ကာပူနိုင်ငံ၏ ဈေးကွက်အလားအလာအသစ်များနှင့် စီးပွားရေးခိုင်မာအားကောင်းမှုကိုလည်းကောင်း ပိုမိုရရှိလာစေနိုင်မည်ဖြစ်ပါသည်။
ရင်းမြစ်။ The Business Times သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)