Japan

နှစ်နိုင်ငံဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးအတွက် ဂျပန်-မလေးရှားနှစ်နိုင်ငံတိုက်ရိုက်ငွေကြေးလဲလှယ်အသုံးပြုမှုဆိုင်ရာသဘောတူညီချက်အား သက်တမ်းတိုးမြှင့်ခဲ့

Last Updated:

ဂျပန်-မလေးရှား နှစ်နိုင်ငံတိုက်ရိုက်ငွေကြေးလဲလှယ်အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်(Bilateral Swap Arrangement)ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှစ၍ သက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်က ၁၉-၉-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ကိုယ်စား ဂျပန်ဗဟိုဘဏ်နှင့် Bank Negara Malaysia(BNM)တို့အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံအထိ တိုက်ရိုက်ငွေကြေးလဲလှယ်အသုံးပြုနိုင်ရေး သဘောတူညီခဲ့ကြောင်း ဖော်ပြထားပါသည်။ ယခုသဘောတူညီချက်သည် ၂၀၂၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ဂျပန်-မလေးရှား နှစ်နိုင်ငံတိုက်ရိုက်ငွေကြေးလဲလှယ်အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်(Bilateral Swap Arrangement)ကို သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မကြာသေးမီက ပြင်ဆင်ထုတ်ပြန်ခဲ့သည့် Chiang Mai Initiative Multilateralisation(CMIM) သဘောတူညီချက်၏အစိတ်အပိုင်းအဖြစ် ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်-မလေးရှားနိုင်ငံတို့အနေဖြင့် ဒေသတွင်းဘဏ္ဍာရေးဆိုင်ရာတည်ငြိမ်မှုများ ပိုမိုမြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံအကြား ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မြဲစေရေးဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း ဖော်ပြထားပါသည်။ ယခုသဘောတူညီချက်ကို သက်တမ်းတိုးခြင်းအားဖြင့် နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာအစား ပြည်တွင်းသုံးငွေကြေးများဖြင့် တိုက်ရိုက်လဲလှယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံအတွင်း ဘဏ္ဍာရေးစနစ်ကို ပိုမိုတည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်ရေး၊ အမေရိကန်ဒေါ်လာကြောင့်ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွမှုနှင့် အခြားသောသက်ရောက်မှုများအား လျော့နည်းသက်သာစေရေးနှင့် ဒေသတွင်းစီးပွားရေးတည်ငြိမ်မှုရရှိစေရေးအတွက် တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဩစတြေးလျနှင့် အိန္ဒိယ စသည့်နိုင်ငံများနှင့်လည်း နှစ်နိုင်ငံ တိုက်ရိုက်ငွေကြေးလဲလှယ်အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်များရေးထိုးထားပြီးဖြစ်သည်ကို တွေ့ရှိရပါသည်။ ဂျပန်-မလေးရှား နှစ်နိုင်ငံ တိုက်ရိုက်ငွေကြေးလဲလှယ်သုံးစွဲနိုင်ခြင်းကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာနိုင်ကြောင်း သုံးသပ်ရပါသည်။

Source: Bank of Japan (19-9-2023)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)      

Category: Japan