တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (gross domestic product-GDP) သည် ၂၀၂၅ ခုနှစ်တွင် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ခန့်မှန်းထားသည့် နှစ်စဉ်တိုးတက်နှုန်းရည်မှန်းချက်ကို ပြည့်မီခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။ ၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွက် GDP သည် ယွမ် ၁၄၀.၁၉ ထရီလီယံ(အမေရိကန်ဒေါ်လာ ၂၀.၁၂ ထရီလီယံ)သို့ရောက်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို(National Bureau of Statistics-NBS)မှ ထုတ်ပြန်ခဲ့သည်။
အရေးပါသော စီးပွားရေးညွှန်ကိန်းများအရ တရုတ်နိုင်ငံ၏စီးပွားရေးသည် တည်ငြိမ်ပြီး အပြုသဘောဆောင်သော တိုးတက်မှုအလားအလာကို ပြသနေသည်။ စက်မှုကဏ္ဍထုတ်လုပ်မှုတွင် ခိုင်မာသော တိုးတက်မှုတွေ့ရပြီး အကြီးစားစက်မှုလုပ်ငန်းများ၏တန်ဖိုးမြှင့်ထုတ်လုပ်မှုသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅.၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ကဏ္ဍအလိုက်ကြည့်လျှင် စက်ပစ္စည်းထုတ်လုပ်ရေး(equipment)နှင့် နည်းပညာမြင့်ထုတ်လုပ်ရေး(high-tech manufacturing)ကဏ္ဍများတွင် အထူးသဖြင့် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ၎င်းကဏ္ဍများ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုသည် ၉.၂ ရာခိုင်နှုန်းနှင့် ၉.၄ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့သည်။
စားသုံးသူအသုံးစရိတ်(Consumer spending)သည်လည်း ၎င်း၏ခိုင်မာမှုကို ပြသနိုင်ခဲ့သည်။ စားသုံးကုန်ပစ္စည်း လက်လီရောင်းချမှုစုစုပေါင်းသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃.၇ ရာခိုင်နှုန်းတိုးတက်ခဲ့သဖြင့် တန်ဖိုးအားဖြင့် ယွမ် ၅၀ ထရီလီယံ(အမေရိကန်ဒေါ်လာ ၇.၂ ထရီလီယံ)ရှိခဲ့သည်။ အထူးသဖြင့် အွန်လိုင်းလက်လီရောင်းချမှုသည် ၈.၆ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့သည်။
ဝန်ဆောင်မှုကဏ္ဍတွင်လည်း တိုးတက်မှုရှိခဲ့ပြီး အဆိုပါကဏ္ဍ၏တန်ဖိုးမြှင့်ထုတ်လုပ်မှု(its value- added expanding)သည် ၅.၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ထို့အပြင် စုစုပေါင်းပုံသေပိုင်ရင်းနှီးမြှုပ်နှံမှု(overall fixed asset investment)တွင် ၃.၈ ရာခိုင်နှုန်းလျော့နည်းခဲ့သော်လည်း ထုတ်လုပ်ရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် ၀.၆ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများရှိနေသည့်အခြေအနေတွင်ပင် တရုတ်နိုင်ငံ၏ပြည်ပကုန်သွယ်ရေးသည် တည်ငြိမ်စွာတိုးတက်နေဆဲဖြစ်သည်။ ကုန်ပစ္စည်းတင်သွင်း/တင်ပို့မှုစုစုပေါင်းသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး “Belt and Road” မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၆.၃ ရာခိုင်နှုန်းတိုးတက်သဖြင့် နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုခဲ့သည်။
ထို့အပြင် တစ်ဦးချင်းစီ၏ အသုံးချနိုင်သောဝင်ငွေ(per capita disposable income)သည် ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၅.၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားပြီး အိမ်ထောင်စုဝင်ငွေများ (household incomes) တဖြည်းဖြည်းကောင်းမွန်လာနေကြောင်းကို ပြသနေသည်။
ပြီးခဲ့သည့်နှစ်အတွင်း ပြည်တွင်းနှင့် ပြည်ပစီးပွားရေးပတ်ဝန်းကျင်တွင် ရှုပ်ထွေးသောပြောင်းလဲမှုများရှိနေလည်း တရုတ်နိုင်ငံ၏စီးပွားရေးသည် ဖိအားများအောက်တွင် ရှေ့သို့တက်လှမ်းနိုင်ခဲ့ပြီး မောင်းနှင်အားအသစ်များ(new drivers)နှင့် အရည်အသွေးမြင့်မားမှု(higher quality)ဆီသို့ ဦးတည်နေကြောင်းနှင့် တရုတ်နိုင်ငံသည် ယခုနှစ်အတွက် ၎င်း၏အဓိကစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုပစ်မှတ်များကို အောင်မြင်စွာပြည့်မီခဲ့ကြောင်း NBS အမှုဆောင်အရာရှိချုပ်ကန်ယီ(Kang Yi)က တနင်္လာနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အနာဂတ်တွင် တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအား(domestic demand)ကိုချဲ့ထွင်ရန်၊ အရည်အသွေးမြင့်ထုတ်လုပ်မှုစွမ်းအားသစ်များ(new quality productive forces)ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စည်းလုံးညီညွတ်သောအမျိုးသားဈေးကွက်(unified national market)ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ပိုမိုတက်ကြွပြီး ထိရောက်သော မက်ခရိုစီးပွားရေးမူဝါဒများကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ထိုသို့ဖြင့် စဉ်ဆက်မပြတ်စီးပွားရေးတိုးတက်မှုကို ရရှိစေရန် ရည်ရွယ်ထားကြောင်း ကန်ယီက မှတ်ချက်ပြုပြောကြားခဲ့သည်။
အရင်းအမြစ်။ https://news.cgtn.com/news/2026-01-19/China-s-GDP-expands-5-0-in-2025-1K3ePJUzkFW/p.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)