Singapore

အစားအသောက်လုပ်ငန်းများကို အထောက်အကူပြုရန်အတွက် Enterprise Singapore နှင့် Grab တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

Last Updated:

စင်ကာပူအစားအသောက်လုပ်ငန်းကဏ္ဍအားကောင်းစေရန်အတွက် Enterprise Singapore နှင့် Grab တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း Enterprise Singapore က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ နားလည်မှုစာချွန်လွှာသက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်မြင့်တက်လာခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပါသည်။ ကုမ္ပဏီပေါင်း ၁၂,၀၀၀ ကျော်မှာ အစားအသောက်လုပ်ငန်းကဏ္ဍဆိုင်ရာ အဓိကအချက်အလက်များ၊ လုပ်ငန်းဆိုင်ရာအသိအမြင်များကို ရယူနိုင်မည်ဖြစ်ပြီး လုပ်ငန်းများ၏ တိုးတက်မှုမဟာဗျူဟာကို ပြုပြင်ပြောင်းလဲရန် ကူညီပေးနိုင်မည်ဖြစ်ပါသည်။ နှစ်စဉ်ကုမ္ပဏီပေါင်း ၄၀၀ ကျော်မှာ စွမ်းဆောင်ရည်မြှင့်သင်တန်းများတွင် ပါဝင်နိုင်မည်ဖြစ်ပြီး Grab ၏အစားအသောက်မှာယူမှုအပိုင်းတွင် စားသောက်ဆိုင်များ၊ အစားအသောက်လုပ်ငန်းများကို ပါဝင်စေမည်ဖြစ်ပါသည်။

နားလည်မှုစာချွန်လွှာအရ ဈေးကွက်ရရှိနိုင်မှုနှင့် စားသုံးသူများ၏ ဝယ်လိုအားကို မြှင့်တင်ပေးခြင်း၊ လုပ်ငန်းတိုးတက်ရန်နှင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ Grab အသုံးပြု၍ မှာယူစားသောက်မှုများပြားလာစေရန် သတ်မှတ်ရွေးချယ်ထားသည့် နေရာများရှိ လုပ်ငန်းများ၊ ဆိုင်များကို Grab ၏ Dine Out တွင်ပါဝင်ခွင့်ပြုမည်ဖြစ်ပါသည်။ မှာယူစားသုံးသူများ များပြားလာစေရန် အရောင်းမြှင့်တင်နိုင်မည်ဖြစ်ပြီး Grab အသုံးပြုသူများကိုဦးတည်၍ ဈေးကွက်ရှာဖွေနိုင်မည်ဖြစ်ပါ သည်။

နားလည်မှုစာချွန်လွှာအရ စားသုံးသူများ၏ ကြိုက်နှစ်သက်မှုအလားအလာအစီရင်ခံစာများ၊ ဒီဂျစ်တယ်ဈေးကွက်ရှာဖွေရေးနည်းလမ်းများကို အစားအသောက်လုပ်ငန်းကဏ္ဍရှိ လုပ်ငန်းရှင်များ သိမြင်နားလည်ခွင့်ရရှိမည်ဖြစ်ပါ သည်။ အဆိုပါအစီရင်ခံစာများသည် စားသုံးသူများ၏ လိုလားကြိုက်နှစ်သက်မှုများကို ပိုမိုနားလည်စေပြီး အစား အသောက်စီးပွားရေးလုပ်ငန်းများအတွက် လိုက်ပါဆောင်ရွက်နိုင်မည့်လုပ်ငန်းစဉ်များဖြစ်ပါသည်။Grab Academy မှအလုပ်ရုံဆွေးနွေးပွဲများ၊ စီးပွားရေးဆိုင်ရာ မဟာဗျူဟာများပြန်လည်ဆန်းစစ်ပြင်ဆင်နိုင်ရန်နှင့် လုပ်ငန်းလည်ပတ်မှုကောင်းမွန်စေရန် သင်တန်းများပြုလုပ်ပေးမည်ဖြစ်ပါသည်။အလုပ်ရုံဆွေးနွေးပွဲများတွင် အစား အသောက်လုပ်ငန်းကဏ္ဍမှ ပညာရှင်များနှင့် စကားဝိုင်းဆွေးနွေးမှုများ၊ Grab နှင့် Enterprise Singapore မှ ထင်မြင်ချက်၊ သုံးသပ်ချက်များဖြင့် အစားအသောက်လုပ်ငန်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှုကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။

ရင်းမြစ်။        Enterprise Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore