ဗီယက်နမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ၂၀၂၆ ခုနှစ်အတွင်း ဆန်တန်ချိန် ၂.၅ သန်းတင်ပို့သွားမည့် သဘောတူညီချက်အား လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ၁၄-၁-၂၀၂၆ ရက်နေ့က အစိုးရပိုင်မီဒီယာများတွင် ဖော်ပြခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏အကြီးမားဆုံးဆန်တင်ပို့နေသည့် ဈေးကွက်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ပြီးခဲ့သည့်လေးလတာကာလအတွင်း ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းခဲ့ပါသည်။ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးနှင့် ဗီယက်နမ်သံရုံးမှ ကုန်သွယ်ရေးသံမှူးတို့အကြား တွေ့ဆုံမှုအပြီး ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ဆန်တန်ချိန် ၃.၆ သန်းတင်သွင်းသွားရန်လျာထားပြီး အများဆုံးတင်သွင်းနေသည့်နိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံမှုနှုန်းထားအပါအဝင် ဆန်တင်သွင်းမှုပမာဏကို ထိန်းချုပ်နိုင်မည့်နည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)