Singapore

ဥရောပသမဂ္ဂ - စင်ကာပူ ဒီဂျစ်တယ်ကုန်သွယ်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုး

Last Updated:

ဥရောပသမဂ္ဂ-စင်ကာပူဒီဂျစ်တယ်ကုန်သွယ်မှုသဘောတူစာချုပ်ကို စင်ကာပူနိုင်ငံ၊ ကုန်သွယ်မှုဆက်ဆံရေးတာဝန် ခံဝန်ကြီး Grace Fu နှင့် ကုန်သွယ်မှုနှင့် စီးပွားရေးလုံခြုံရေးဆိုင်ရာ ဥရောပသမဂ္ဂကော်မရှင်နာ Maroš Šefčovič တို့က ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

ဥရောပသမဂ္ဂ-စင်ကာပူဒီဂျစ်တယ်ကုန်သွယ်မှုသဘောတူစာချုပ်(European Union-Singapore Digital Trade Agreement-EUSDTA)သည် အီးယူနှင့် စင်ကာပူနိုင်ငံအကြား ဒီဂျစ်တယ်ကုန်သွယ်မှုများလွယ်ကူချောမွေ့စေရေးနှင့် ဒီဂျစ်တယ်ချိတ်ဆက်နိုင်မှုကို မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ပါသည်။ ဒီဂျစ်တယ်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်အချက်အလက်စီးဆင်းမှုတို့အတွက် နည်းဥပဒေများချမှတ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံ သားများအတွက် ပိုမိုရှင်းလင်းပြီး ဥပဒေအရ သေချာမှုရှိစေမည်ဖြစ်ပါသည်။

“EUSDTAကိုလက်မှတ်ရေးထိုးခြင်းသည် စင်ကာပူနိုင်ငံနှင့်အီးယူအကြား ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက် မှုကို ပိုမိုခိုင်မာစေရေးဆောင်ရွက်မှုဖြစ်ကြောင်း၊ ယုံကြည်စိတ်ချရပြီး လုံခြုံမှုရှိသည့် ဒီဂျစ်တယ်စီးပွားရေးကို အားပေးမြှင့်တင်ရေးအတွက် နှစ်ဖက်၏ကတိကဝတ်ကို ထင်ဟပ်စေကြောင်း၊ ဒီဂျစ်တယ်ကုန်သွယ်မှုတွင် ကုမ္ပဏီနှင့်နိုင်ငံသားများအတွက် အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ စာချုပ်မှာ အီးယူအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့်ချုပ်ဆိုသည့် ပထမဆုံးဒီဂျစ်တယ်စီးပွားရေးသဘောတူစာချုပ်ဖြစ်သည့်အတွက် ဒေသတွင်းနိုင်ငံများအကြား ဒီဂျစ်တယ်ချိတ်ဆက်မှုကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း” စင်ကာပူနိုင်ငံ၊ ကုန်သွယ်မှုဆက်ဆံရေးတာဝန်ခံဝန်ကြီး Grace Fu က ပြောကြားခဲ့ပါသည်။

တာဝန်ခံဝန်ကြီး Grace Fu နှင့် ကော်မရှင်နာ Maroš Šefčovič တို့သည် အီးယူနှင့် စင်ကာပူနိုင်ငံအကြား ပိုမိုခိုင်မာသည့်ပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုခဲ့ပါသည်။ ပွင့်လင်းမြင်သာပြီး စည်းမျဉ်းအခြေပြုကုန်သွယ်မှုစနစ်ဖြစ်စေရေးကိုလည်း ကတိကဝတ်ပြုခဲ့ပါသည်။

ဖွံ့ဖြိုးမှုအခွင့်အလမ်းအသစ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်ခြင်း၊ အဓိကကုန်သွယ်မှုအရေးကိစ္စများအပေါ် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခြင်းတို့နှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ်ခဲ့ကြပါသည်။

EUSDTA သည် အီးယူနှင့် စင်ကာပူနိုင်ငံအကြား ခိုင်မာသည့် ကုန်သွယ်မှုများဖြစ်ပေါ်စေရေး အရေးကြီးသည့် ဆောင်ရွက်မှုဖြစ်ပါသည်။ အီးယူသည် စင်ကာပူနိုင်ငံ၏ (၅)ခုမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်မှုသည် စင်ကာပူဒေါ်လာသန်း ၁၀၀ ကျော်ရှိပြီး စင်ကာပူနိုင်ငံ၏ စုစုပေါင်းကုန်စည်ကုန်သွယ်မှု၏ ၇.၈ ရာခိုင်နှုန်းရှိပါသည်။ အီးယူသည် စင်ကာပူနိုင်ငံ၏ ဒုတိယအကြီးဆုံးဝန်ဆောင်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံဝန်ဆောင်မှုကဏ္ဍကုန်သွယ်မှုမှာ စင်ကာပူဒေါ်လာ သန်း ၁၁၀ ကျော်ရှိခဲ့ပါသည်။ အီးယူသည် စင်ကာပူနိုင်ငံ၏ ဒုတိယအကြီးဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး စင်ကာပူနိုင်ငံမှ သွားရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဦးတည်ရာဒေသဖြစ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: Singapore