ဘဏ္ဍာရေးဝန်ကြီးဌာန(MoF)သည် ပင်လယ်ကွေ့ဒေသဘဏ္ဍာရေးနှင့်စီးပွားရေးပေါင်းစည်းမှုအားမြှင့်တင်ရာတွင် ယူအေအီးနိုင်ငံ၏ အဓိကကျသောအခန်းကဏ္ဍကို ဆွေးနွေးရန်အတွက် အဘူဒါဘီမြို့တော်တွင် အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စီးပွားရေးဆက်ဆံမှုများမြှင့်တင်ရန်နှင့် ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက် ရေးကောင်စီ(GCC)ဘုံဈေးကွက်ကိုအားကောင်းစေရေးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုအပေါ် အလေးပေးဖော်ပြခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနရုံးချုပ်တွင်ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးတွင် MoF ၏လက်ထောက်အတွင်းဝန်ဖြစ်သူ Younis Haji AlKhoori၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနနှစ်ခုစလုံးမှ အကြီးတန်းအရာရှိကြီးများနှင့် အခြားသောအဓိကပုဂ္ဂိုလ်များပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများသည် အကောက်ခွန်ယူနီယံ၏တိုးတက်မှုများနှင့် GCC ဘုံစျေးကွက်၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုများကိုလေ့လာခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကြပါသည်။
အရင်းအနှီးရွေ့လျားမှုကိုလွယ်ကူချောမွေ့စေရန်၊ အခွန်စနစ်များမြှင့်တင်ရန်နှင့် ဒေသအနှံ့စီးပွားရေးလုပ်ငန်းများချောမွေ့စေရေးတို့အတွက် အဓိကကျသောဆွေးနွေးမှုများတွင် AlKhoori က ယူအေအီးနိုင်ငံ၏ကတိကဝတ်ကိုမီးမောင်းထိုးဖော်ပြကာ၊ GCC သဘော တူညီချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို စောင့်ကြည့်စစ်ဆေးရန်နှင့် ဘဏ္ဍာရေးတည်ငြိမ်မှုကိုမြှင့်တင်ရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရေးကြီးသောအခန်းကဏ္ဍကို ထပ်လောင်းပြောကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏အလှည့်ကျရောက်ရှိလာမည့် GCC ၏ဥက္ကဌရာထူးကို စောင့်မျှော်ကြည့်ရှုရင်း ပင်လယ်ကွေ့တစ်လျှောက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်သွားရန်နှင့် ဘဏ္ဍာရေးနှင့်စီးပွားရေးစနစ်များ ချောမွေ့စွာပေါင်းစည်းမှုကိုသေချာစေရန် ရည်ရွယ်ထားသည့် အစပျိုးဆောင်ရွက်မှုများအား လုပ်ဆောင်သွားရန်တို့ကို တာဝန်ရှိသူများက အစီရင်ခံတင်ပြခဲ့ကြပါသည်။
ဤဆွေးနွေးပွဲသည် စီးပွားရေးအသိအမြင်မြှင့်တင်ဆောင်ရွက်သွားမည့် MoF ၏ဆက်လက်ကြိုးပမ်းမှုအားထုတ်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ပင်လယ်ကွေ့ဒေသဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှု၏အနာဂတ်ကိုပုံဖော်ရာတွင် ယူအေအီးနိုင်ငံ၏ဦးဆောင်မှုကိုပြသနေခြင်းဖြစ်ပါသည်။ ဆွေးနွေးခဲ့ကြသည့် အစပျိုးဆောင်ရွက်မှုများသည် ဒေသတွင်းစီးပွားရေးဆက်ဆံမှုများ အားကောင်းလာစေရန်နှင့် GCC ၏စည်းလုံးညီညွတ်သော စီးပွားရေးမူဘောင်ကိုမြှင့်တင်ရန်အတွက် ယူအေအီးနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော မဟာ ဗျူဟာပန်းတိုင်များနှင့် ကိုက်ညီလျက်ရှိကြောင်း သတင်းဖော်ပြထားပါသည်။
Source: Emirates News Agency
(နန္ဒစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)