ကြက်သွန်နီဈေးနှုန်းများသည် Eid-al-Adha(Bakra Eid)မတိုင်မီ ဝယ်လိုအားမြင့်တက်လျက်ရှိသော်လည်း ဈေးကွက်တွင်း ကြက်သွန်နီဝင်ရောက်မှုနည်းနေသဖြင့် ပြီးခဲ့သည့်နှစ်ပတ်အတွင်း ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်းနှင့် ကုန်သည်လုပ်ငန်းရှင်များက ဗဟိုအစိုးရ၏ဈေးနှုန်းထိန်းချုပ်နိုင်ရန်ဆောင်ရွက်ထားသည့် အစီအမံများဖြေလျှော့ပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် ကြက်သွန်များကို သိုလှောင်ကိုင်ဆောင်ထားကြကြောင်း သိရှိရပါသည်။
Nashik မြို့ရှိ Lasalgaon သီးနှံဈေးတွင် ကြက်သွန်နီလက်ကားဈေးမှာ မေလ 25 ရက်၌ တစ်ကီလိုဂရမ်လျှင် 17 ရူပီးသာရှိခဲ့သော်လည်း တနင်္လာနေ့က ပျမ်းမျှ 26 ရူပီးရှိခဲ့ကြောင်းနှင့် အရည်အသွေးကောင်းမွန်သည့် ကြက်သွန်နီစျေးနှုန်းမှာ ရူပီး 30 ထိရှိခဲ့ကြောင်း သိရှိရသည်။
ကြက်သွန်နီဈေးနှုန်းမြင့်တက်ရခြင်း၏အဓိကအကြောင်းရင်းမှာ ဝယ်လိုအားနှင့် ရောင်းလိုအား မကိုက်ညီခြင်းကြောင့်ဖြစ်ကြောင်း၊ ဇွန်လမှစတင်၍ ဈေးကွက်အတွင်းသို့ရောက်ရှိသည့်ကြက်သွန်နီသည် တောင်သူများနှင့် ကုန်သည်များသိုလှောင်ထားသည့် လက်ကျန်များမှဖြစ်ကြောင်း၊ တောင်သူများသည် 2023-24 ခုနှစ် မိုးရာသီကြက်သွန်ထွက်ရှိမှုသည် လျော့နည်းသည့်အတွက် ဈေးကောင်းရရှိမည်ဟု မျှော်လင့်ထားသောကြောင့် ၎င်းတို့၏ကြက်သွန်နီများကို ဖြည်းဖြည်းချင်းသာရောင်းချလျက်ရှိကြောင်း သိရသည်။
ကြက်သွန်နီတင်ပို့မှုအပေါ် ၄၀ ရာခိုင်နှုန်းအခွန်ကောက်ခံမှုကြောင့် တင်ပို့မှုနှေးကွေးနေသော်လည်း လာမည့်ဇွန်လ ၁၇ ရက်နေ့ Eid-al-Adha အတွက် ပြည်တွင်းကြက်သွန်နီဝယ်လိုအားမှာ အားကောင်းနေကြောင်း Maharashtra ပြည်နယ်၊ Nashik မြို့မှ ကြက်သွန်ကုန်သည် Vikas Singh က ပြောကြားထားသည်။
ကြက်သွန်ဈေးနှုန်းတက်ရခြင်း၏ အခြားသောအဓိကအကြောင်းရင်းတစ်ခုမှာ ဗဟိုအစိုးရက ပို့ကုန်ခွန်ကိုဖယ်ရှားပေးပြီး ပြည်ပဝယ်လိုအားကြောင့် ဈေးနှုန်းမြင့်တက်လာမည်ဟု တောင်သူများနှင့် ကုန်သည်များကယူဆထားပြီး ကြက်သွန်နီအား သိုလှောင်ထားကြသောကြောင့်ဖြစ်ကြောင်း သစ်သီးဝလံပန်းမန်ထုတ်လုပ်တင်ပို့သူများအသင်း ဥက္ကဋ္ဌ Ajit Shah က ပြောကြားထားသည်။
သိုဖြစ်ပါ၍ အိန္ဒိယတောင်သူများနှင့် ကုန်သည်များက ကြက်သွန်နီတင်ပို့မှုအပေါ်ကောက်ခံသည့် အခွန် ၄၀ ရာခိုင်နှုန်းအား အစိုးရမှ ဖြေလျေှာ့ပေးရန် မျှော်လင့်လျက်ရှိပါသည်။
Source: Onion prices on the boil as arrivals slow, demand picks up, The Economic Times, 11 June 2024.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)