လက်ရှိကမ္ဘာ့ရေကြောင်းကုန်သွယ်ရေး၏ အသက်သွေးကြောဖြစ်သော မာလကာရေလက်ကြား(Strait of Malacca)သည် တစ်နှစ်ထက်တစ်နှစ်ပိုမိုကျပ်တည်းလာနေပြီး ပင်လယ်ဓားပြအန္တရာယ်နှင့်ရေကြောင်းမတော် တဆမှုများဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာနေသည်။ ထိုအခြေအနေတွင် ထိုင်းအစိုးရသည် ကမ္ဘာ့ရေကြောင်းမြေပုံကို ပြောင်းလဲပစ်နိုင်မည့် ဘတ် ၁ ထရီလီယံတန်"တောင်ပိုင်းကုန်းတွဲတံတား"(Ranong-Chumphon Landbridge) စီမံကိန်းကို မဟာဗျူဟာမြောက်ရေးဆွဲကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်လျက်ရှိသည်။ သို့သော် ဤစီမံကိန်းသည် ရိုးရှင်းသောသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုထက်မကဘဲ အာရှ-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေး(Geoeconomics) အားပြိုင်မှုများကို လှုပ်ခတ်စေမည့် စစ်တုရင်ကွက်တစ်ခုဖြစ်လာနေသည်။
မာလကာအကြပ်အတည်းနှင့် ထိုင်းတို့၏ ရည်မှန်းချက်
လက်ရှိတွင် အရှေ့အလယ်ပိုင်းမှလာသော ရေနံသင်္ဘောများနှင့် ဥရောပ-အာရှကုန်သွယ်ရေးသင်္ဘောအများစုသည် စင်ကာပူနိုင်ငံတည်ရှိရာ မာလကာရေလက်ကြားကို မဖြစ်မနေဖြတ်သန်းကြရသည်။ ကမ္ဘာ့ကုန်သွယ်မှု၏ လေးပုံတစ်ပုံခန့်သည် ဤရေလမ်းကြောင်းကျဉ်းလေးကို မှီခိုနေရသဖြင့် အနာဂတ်တွင် ကုန်သေတ္တာသင်္ဘောများတိုးပွားလာပါက ရေလမ်းပိတ်ဆို့မှုများ ပိုမိုဆိုးရွားလာမည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ Landbridge စီမံကိန်းသည် ကပ္ပလီပင်လယ်ပြင်(Andaman Sea)ဘက်ခြမ်းရှိ ရနောင်း(Ranong)နှင့်ထိုင်းကွေ့(Gulf of Thailand)ဘက်ခြမ်းရှိ ချွန်ဖော်(Chumphon)ကို ၉၃ ကီလို မီတာကျော်ရှည်လျားသည့် မော်တော်ကားလမ်း၊ ရထားလမ်းများဖြင့် ချိတ်ဆက်ကာ ကုန်းလမ်းမှတစ်ဆင့် ကုန်စည်များကို ဖြတ်သန်းသယ်ယူစေမည့် အယူအဆဖြစ်သည်။ ဤလမ်းကြောင်းသည် မာလကာရေလက်ကြားကို ဝိုင်းပတ်မောင်းနှင်ရမည့် ခရီးစဉ်ထက် ၄ ရက်ခန့် ပိုမိုမြန်ဆန်သွားမည်ဖြစ်ရာ အချိန်နှင့် လောင်စာဆီစရိတ်ကို လျှော့ချလိုသည့် သင်္ဘောလိုင်းကြီးများအတွက် ဆွဲဆောင်မှု တစ်ခုဖြစ်လာနိုင်သည်။
ပထဝီစီးပွားရေးအားပြိုင်မှုနှင့် မဟာဗျူဟာမြောက်ရွေးချယ်မှုများ
ဤစီမံကိန်း၏ နောက်ကွယ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ စီးပွားရေးဩဇာလွှမ်းမိုးမှုအားပြိုင်ချက်များ ပါဝင်နေသည်။
- တရုတ်နိုင်ငံ၏'Malacca Dilemma'(မာလကာအကျပ်အတည်း): တရုတ်နိုင်ငံသည် ၎င်း၏ စွမ်းအင်နှင့် ကုန်ကြမ်းတင်သွင်းမှုအတွက် မာလကာရေလက်ကြားအပေါ် ၈၀ ရာခိုင်နှုန်းခန့် မှီခိုနေရသည်။ အကယ်၍ ဒေသတွင်းပဋိပက္ခတစ်ခုခုကြောင့် အမေရိကန် သို့မဟုတ် ၎င်း၏မဟာမိတ်များက မာလကာရေလက်ကြားကိုပိတ်ဆို့လိုက်ပါက တရုတ်စီးပွားရေးကပ်ဆိုက်သွားနိုင်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် ဤ Landbridge စီမံကိန်းကို ၎င်းတို့၏ Belt and Road Initiative (BRI)နှင့်ချိတ်ဆက်ရန် စိတ်ဝင်စားမှုရှိနေသည်။
- အမေရိကန်နှင့်မဟာမိတ်များ၏အခန်းကဏ္ဍ: ထိုင်းအစိုးရသည် တရုတ်နိုင်ငံအပေါ် တစ်ဦးတည်း မှီခိုမှုကို ရှောင်ရှားရန်အတွက် အမေရိကန်၊ ဂျပန်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများကိုလည်း တရားဝင်ဖိတ်ခေါ်စည်းရုံးလျက်ရှိပြီး ပထဝီနိုင်ငံရေးအရ မျှခြေတစ်ခုကို ထိန်းညှိရန်ကြိုးပမ်းနေသည်။
စီးပွားရေးအရ တွက်ခြေကိုက်မှုရှိ၊ မရှိ မေးခွန်းထုတ်ချက်များ
သတင်းဆောင်းပါးပါဆန်းစစ်ချက်များအရ Landbridge စီမံကိန်းတွင် အဓိကအားနည်းချက်တစ်ခုရှိနေသည်။ ၎င်းမှာ "Double Handling"(ကုန်ပစ္စည်းနှစ်ခါပြန်တင်ချရခြင်း)စရိတ်စကဖြစ်သည်။ သင်္ဘောကြီးများပေါ်မှ ကုန်သေတ္တာများကို ရနောင်းဆိပ်ကမ်းတွင် အောက်သို့ချ၊ ထို့နောက် ရထား သို့မဟုတ် ကားပေါ်တင်ကာ ကုန်းလမ်းဖြင့် ဖြတ်သန်းပြီးနောက် ချွန်ဖော်ဆိပ်ကမ်းတွင် အခြားသင်္ဘောတစ်စီးပေါ်သို့ ပြန်လည်တင်ဆောင်ရမည့် လုပ်ငန်း စဉ်သည် အချိန်ကုန်သက်သာသော်လည်း လုပ်ငန်းလည်ပတ်မှုစရိတ်(Operational Cost) အလွန်မြင့်မားသွားနိုင် သည်။
စင်ကာပူ သို့မဟုတ် မလေးရှားနိုင်ငံတို့ကဲ့သို့ သင်္ဘောတစ်စီးမှတစ်စီးသို့ တိုက်ရိုက်ရွှေ့ပြောင်းသည့်စနစ် (Transshipment Hub)များနှင့် ယှဉ်ပြိုင်ရာတွင် ထိုင်း Landbridge အနေဖြင့် ကုန်ကျစရိတ် သက်သာမှုရှိ၊ မရှိကို သင်္ဘောလိုင်းကြီးများက အလေးအနက်တွက်ချက်နေကြသည်။
အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် သက်ရောက်မှု
ရနောင်းမြို့သည် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့နှင့် ရေပိုင်နက်ချင်းထိစပ်နေသည့်အတွက် ဤစီမံကိန်းအကောင် အထည်ပေါ်လာပါက မြန်မာနိုင်ငံတောင်ပိုင်းဒေသတွင်းစီးပွားရေးနှင့် ကုန်သွယ်ရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိလာမည်ဖြစ်သည်။
တစ်ဖက်တွင် ရနောင်း-ချွန်ဖော် လမ်းကြောင်းသည် မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ အကောင်အထည်ဖော်ရန်ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်တွင်ရပ်တန့်နေသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်မူ အဓိကပြိုင်ဘက်ကြီးတစ်ခုဖြစ်လာပေလိမ့်မည်။ ထိုင်း Landbridge သာ အရင်ပြီးမြောက်သွားပါက နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းများသည် ထိုင်းနိုင်ငံတောင်ပိုင်းသို့ ရောက်ရှိသွားမည်ဖြစ်ရာ ထားဝယ်စီမံကိန်း၏ မဟာဗျူဟာမြောက်အရေးပါမှု လျော့ကျသွားနိုင်ခြေရှိသည်။ သို့သော် အခြားတစ်ဖက်တွင်မူ ရနောင်းတွင် အကြီးစားစက်မှုဇုန်များနှင့် ဆိပ်ကမ်းကြီးများပေါ်ပေါက်လာပါက မြန်မာ့ရေလုပ်ငန်း၊ လယ်ယာထွက်ကုန်များနှင့် အလုပ် အကိုင်အခွင့်အလမ်းများအတွက် ကောင်းမွန်သော နယ်စပ်စီးပွားရေးဂေဟစနစ်တစ်ခုဖြစ်ထွန်းလာနိုင်ပါသည်။
နိဂုံး
ထိုင်းနိုင်ငံ၏ တောင်ပိုင်းကုန်းတွဲတံတား(Landbridge)စီမံကိန်းသည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကို ပြောင်းလဲပစ်ရန် ရည်ရွယ်သည့် ကြီးမားသော ပထဝီစီးပွားရေးစမ်းသပ်ချက်တစ်ခုဖြစ်သည်။ စီးပွားရေးအရ တွက်ခြေကိုက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ပြည်တွင်း၌ သဘာဝပတ်ဝန်းကျင်ကန့်ကွက်မှုများရှိနေသော်လည်း၊ မာလကာရေလက်ကြားကို ရှောင်ကွင်းလိုသည့် အင်အားကြီးနိုင်ငံများ၏ မဟာဗျူဟာမြောက်လိုအပ်ချက်နှင့်ကိုက်ညီနေပါက ဤစီမံကိန်းသည် အာရှ-ပစိဖိတ်ဒေသ၏ အနာဂတ်စီးပွားရေးအလှည့်အပြောင်းကို ဖော်ဆောင်ပေးမည့်မှတ်တိုင်တစ်ခုဖြစ်လာနိုင်ပါသည်။
(ကိုးကား - Bangkok Post)
(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့)