Phillippines

အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့၏ ဆန်၊ ပြောင်းဝယ်ယူခွင့်အာဏာအား တိုးချဲ့သွားမည်ဖြစ်

Last Updated:

၂၀၁၉ ခုနှစ်၊ မတိုင်မီကာလ(Rice Tariffication Law)အသက်မသွင်းမီကကဲ့သို့ အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့(National Food Authority–NFA)မှ ပြည်တွင်းတောင်သူများနှင့် ကော်ပိုရိတ်များထံမှ ဆန်၊ ပြောင်းတိုက်ရိုက်ဝယ်ယူခွင့်အာဏာကို ပြန်လည်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Rice Tariffication Law အား တစ်စိတ်တစ်ပိုင်းပြင်ဆင်ရေးဆွဲမည့် Rice Industry Competitive Enhancement Act အသစ်ကို အောက်လွှတ်တော်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် အဆိုပြတင်ပြထားကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

အဆိုပြုတင်ပြထားသည့် ဘေလ်အရ  NFA အနေဖြင့် ဆန်ဝယ်ယူခွင့်သာမက လူစားသုံးရန်နှင့် တိရစ္ဆာန်အစာအဖြစ်အသုံးပြုသည့် ပြောင်းဖြူ၊ ပြောင်းဝါတို့ကိုလည်း ဝယ်ယူခွင့်အာဏာအား ပြန်လည်ရယူသွားမည်ဖြစ်ပါသည်။ ပြောင်းသည် Visayas နှင့် Mindanao  ဒေသများတွင် ဆန်အစားထိုးအဖြစ် အသုံးပြုနိုင်ရုံသာမက ဖိလစ်ပိုင်နိုင်ငံ၏ တိရစ္ဆာန်အစာကဏ္ဍအတွက် အလွန်အရေးပါကြောင်းလည်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားထားကြောင်း ဖော်ပြပါရှိပါသည်။

ဆန်၊ ပြောင်းကဏ္ဍသည် သမ္မတမားကို့စ်ဂျူနီယာ၏ ဖိလစ်ပိုင်နိုင်ငံစားနပ်ရိက္ခာဖူလုံရေးအစီအစဉ်ဆိုင်ရာ မူဝါဒတစ်ခုလည်းဖြစ်ပါကြောင်း၊ စိုက်ပျိုးမြေဟက်တာ ၂.၅ သန်းကို ပြောင်းစိုက်ပျိုးထားရှိပြီး တောင်သူဦးရေ ၁.၁ သန်းကိုပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊ အစောပိုင်းတွင် NFA ကို သိပ္ပံနည်းကျခေတ်မီသော အေဂျင်စီတစ်ခုအဖြစ်ပြောင်းလဲသွားရန် စိုက်ပျိုးရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များက အဆိုပြုခဲ့ကြသော်လည်း ယခုအခါသမရိုးကျနည်းလမ်းများအတိုင်းသာ ဆန်စပါးဝယ်ယူရေးများကို ဆောင်ရွက်သွားရန်၊ ဈေးနှုန်းထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များကိုသာဆောင်ရွက်သွားမည့် အလားအလာများကိုသာ သတိပြုမိကြောင်းနှင့် ယခင်ဆယ်စုနှစ်များစွာကာလများကဲ့သို့ပင် အမှားများကို ထပ်ခါထပ်ခါဆောင်ရွက်သွားနိုင်သည်ဟု ထင်မြင်ယူဆပါကြောင်း ဖော်ပြပါရှိပါသည်။

အပြောင်းအလဲမတွေ့ရှိရဘဲ ခေတ်သစ်အမှားများကိုသာ ဆောင်ရွက်ရန် စတင်နေခြင်းသာဖြစ်ကြောင်း၊ ယခင် NFA တာဝန်ခံအဆက်ဆက်၏စီမံခန့်ခွဲမှုဆိုင်ရာကျဆုံးခန်းများကြောင့် ပြည်တွင်းဆန်တောင်သူများဆင်းရဲမွဲပြာကျကာနိုင်ငံတွင်းဆန်လိုအပ်ချက် များမြင့်တက်လာနိုင်သည့်အလားအလာများသာရှိကြောင်းကိုလည်း ဖော်ပြထားကြောင်းတွေ့ရှိရပါသည်။ သို့ရာတွင် အခြားတစ်ဖက်တွင်လည်း ဆန်အပါအဝင် အခြားအရေးကြီးကုန်စည်များဖြစ်သော ပြောင်း၊ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာများကိုလည်း NFA အနေဖြင့် ချဲ့ထွင်ဆောင်ရွက်သင့်ကြောင်းကို ပူးပေါင်းအဖွဲ့များက အကြံပြုတင်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။ 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines