ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဟောင်ကောင်လေဆိပ်အသုံးပြုသည့် ခရီးသည်အရေအတွက်၊ ကုန်စည်ပမာဏ၊ လေကြောင်းခရီးစဉ်ပြေးဆွဲမှုများ သိသိသာသာတိုးတက်ခဲ့ကြောင်း ဟောင်ကောင်လေဆိပ်အာဏာပိုင်အဖွဲ့မှထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားကြောင်း macaonews သတင်းဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင် “Hong Kong International Airport reports strong growth” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။
ဟောင်ကောင်လေဆိပ်အသုံးပြုသွားလာသည့် ခရီးသွားအရေအတွက်သည် ယခင်နှစ်ကထက် ၂၁.၆ ရာခိုင်နှုန်း၊ ကုန်စည်ပမာဏ ၁၀.၃ ရာခိုင်နှုန်းနှင့် လေကြောင်းခရီးစဉ်ပြေးဆွဲမှု ၂၀.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဟောင်ကောင်လေဆိပ်၏ ပြေးလမ်းသုံးလမ်းစနစ်ကိုစတင်ခဲ့ခြင်းကြောင့် နှစ်စဉ်လေဆိပ်အသုံးပြုနိုင်စွမ်း ၅၀ ရာခိုင်နှုန်းမြင့်တက်လာပြီး ဟောင်ကောင်လေဆိပ်၏ ကမ္ဘာ့လေကြောင်းသွားလာရေးအချက်အချာတစ်ခုအဖြစ် ရပ်တည်မှုကိုအားဖြည့်နိုင်ခဲ့သည်ဟု လေဆိပ်အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ Fred Lam က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
လေကြောင်းလိုင်း ၂၇ ခုမှ မြို့ပေါင်း ၅၆ မြို့သို့ ခရီးစဉ်တိုးချဲ့ခြင်း သို့မဟုတ် အသစ်ပြေးဆွဲခြင်းတို့ကြောင့် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏လေကြောင်းကွန်ရက်မှာ အစဉ်တစိုက်ကျယ်ပြန့်လာလျက်ရှိပါသည်။ ယခုဘဏ္ဍာနှစ်ကုန်ပိုင်းတွင် လေဆိပ် ၌ လေကြောင်းလိုင်းပေါင်း ၁၄၀ ခန့် ဟောင်ကောင်လေဆိပ်ကိုအသုံးပြုလာပြီး ကမ္ဘာအနှံ့မှ မြို့ပေါင်း ၂၀၀ ကျော်ကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပါသည်။ အစီရင်ခံစာတွင် ဟောင်ကောင်လေဆိပ်၏ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်နိုင်ရန်ရည်ရွယ်သည့် မဟာ ဗျူဟာမြောက်ဆောင်ရွက်ချက်များကို အလေးထားဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။