အိန္ဒိယအရာရှိများသည် ဩဂုတ် ၁ ရက်နေ့မတိုင်မီ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ကုန်သွယ်ရေးညှိနှိုင်းမှုမှာ အမေရိကန်၏ အင်ဒိုနီးရှားနှင့် သဘောတူထားသည့်အခွန်နှုန်းထက် နိမ့်သောအခွန်နှုန်းဖြင့် ရရှိနိုင်ရန် ကြိုးပမ်းနေကြကြောင်း သိရှိရသည်။
အမေရိကန်သည် အင်ဒိုနီးရှားမှ သွင်းကုန်များအပေါ် အကောက်ခွန် ၃၂% မှ ၁၉% လျှော့ချပေးမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ ကုန်ပစ္စည်းများကိုမူ အကောက်ခွန်မဲ့တင်ပို့နိုင်မည်ဖြစ်ကြောင်း ထရမ့်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်သမ္မတက သတင်းထောက်များထံသို့ ပြောကြားစဉ် “အိန္ဒိယနှင့်ချုပ်ဆိုမည့်သဘောတူညီမှုသည် အင်ဒိုနီးရှားနှင့် ချုပ်ဆိုထားသည့်သဘောတူညီမှုနှင့် ဆင်တူပါမည်”ဟုပြောခဲ့ပြီး “အမေရိကန်အနေဖြင့် အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိမည်”ဟုလည်းထပ်မံဖော်ပြခဲ့သည်။ထို့နောက် ဗုဒ္ဓဟူးနေ့တွင်လည်း “အမေရိကန်သည် အိန္ဒိယနှင့် သဘောတူညီမှုတစ်ရပ်ချုပ်ဆိုရန် အလွန် နီးစပ်နေပြီ” ဟု ထပ်မံအကြောင်းကြားခဲ့သည်။
အိန္ဒိယအရာရှိများ၏ ပြောကြားချက်အရ အိန္ဒိယသည် အင်ဒိုနီးရှားထက်ပိုပြီး အကျိုးဖြစ်ထွန်းသည့်အခွန်နှုန်းထားများနှင့် သမ္မတထရမ်က ဗီယက်နမ်အပေါ် ကောက်ခံမည်ဟုပြောထားသော ၂၀ ရာခိုင်နှုန်းအခွန်ထက် နိမ့်သောနှုန်းကို တောင်းဆိုထားကြောင်းသိရသည်။ Bloomberg News ၏ ယခင်အစီရင်ခံစာအရ အမေရိကန်နှင့် အိန္ဒိယတို့သည် ကမ်းလှမ်းထားသော အခွန်နှုန်းကို ၂၀ ရာခိုင်နှုန်းအောက်သို့လျှော့ချနိုင်သည့် သဘောတူညီမှုတစ်ရပ်ဆောင်ရွက်နိုင်ရေးကြိုးပမ်းနေကြပြီး၊ ကြိုတင်ဆွေးနွေးမှုများဆောင် ရွက်နိုင်ရန် အဖွဲ့တစ်ဖွဲ့လည်း လတ်တလောတွင် ဝါရှင်တန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယသည် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင်အသာစီးရစေမည့် အကောက်ခွန်နှုန်းထားတစ်ခုကို မျှော်လင့်နေကြောင်းနှင့် ယနေ့ထိဆောင်ရွက်လာသော ဆွေးနွေးမှုများအရလည်း အိန္ဒိယအတွက် သတ်မှတ်မည့်အခွန်နှုန်းသည် ထိုနိုင်ငံများထက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
၀န်ကြီးချုပ်၏ စီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် State Bank of India ၏ စီးပွားရေးပညာရှင်အကြီးအကဲ Soumya Kanti Ghosh က စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် အခွန်နှုန်းထားကို ၁၀ % အောက်သို့လျှော့ချရန်မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ထို့အတူ အပြန်အလှန်အားဖြင့် အမေရိကန်အနေဖြင့်လည်း ၎င်းတို့ကုန်ပစ္စည်းများကို အိန္ဒိယဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုချိန်တွင် သိသာထင်ရှားသောလိုက်လျောမှုများကို ရရှိရန်မျှော်လင့်နေမည်ဟုပြောကြားခဲ့သည်။ အိန္ဒိယသည် စိုက်ပျိုး ရေးနှင့် နို့ထွက်ပစ္စည်းကဏ္ဍများကို ဈေးကွက်ဖွင့်ပေးရန် ဆန္ဒမရှိသော်လည်း လယ်ယာမဟုတ်သောကဏ္ဍများတွင် လိုက်လျောမှုများပေးနိုင်သည်ဟု ၎င်းက ဆိုသည်။
အိန္ဒိယသည် အမေရိကန်ထံမှ စက်မှုကုန်ပစ္စည်းများအပေါ် ကောက်ခံနေသောအခွန်နှုန်းကို အမေရိကန်ဘက်မှလည်း အလားတူလျှော့ချပေးလျှင် သုညအထိလျှော့ချပေးရန် အဆိုပြုထားကြောင်း၊ ထို့အပြင် အမေရိကန်၏ စိုက်ပျိုးရေးထွက်ကုန်အချို့အတွက် အိန္ဒိယဈေးကွက်အတွင်း ဝင်ရောက်ခွင့်ကို ကမ်းလှမ်းထားသကဲ့သို့ Boeing ကုမ္ပဏီမှ လေယာဉ်များကို ပိုမိုဝယ်ယူနိုင်သည့် အလား အလာကိုလည်းပြောကြားထားကြောင်း သိရှိရသည်။
သမ္မတထရမ့်သည် အင်ဒိုနီးရှားအပြင် ဗြိတိန်နှင့် ဗီယက်နမ်တို့နှင့် ကုန်သွယ်ရေးသဘောတူညီမှုများကိုကြေညာခဲ့ပြီး တရုတ်နှင့်လည်း ယာယီသဘောတူညီမှုတစ်ရပ်ပြုလုပ်ထားသည်။ ထရမ့်က ထပ်မံဖော်ပြခဲ့သည်မှာ အင်ဒိုနီးရှားအနေဖြင့် အမေရိကန်ထံမှ စွမ်းအင်ပစ္စည်းများ တန်ဖိုး ၁၅ ဘီလီယံ နှင့် ၄.၅ ဘီလီယံတန်ဖိုးရှိ စိုက်ပျိုးရေးထွက်ကုန်များနှင့်အတူ Boeing လေယာဉ်များကိုပါ ဝယ်ယူရန် သဘောတူခဲ့သည်ဟုပြောကြားခဲ့သည်။
Barclays Plc ၏စင်္ကာပူအခြေစိုက် စီးပွားရေးပညာရှင် Brian Tan က ဖော်ပြထားသည်မှာ လတ်တလောဖြစ်ပွားနေသောအခြေ အနေများအရ အခွန်နှုန်းများသည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ဖြစ်လာနိုင်ကြောင်းနှင့် ထိုအခွန်နှုန်းထားသည် သမ္မတ ထရမ့်၏အကြိုက်ဆုံးအရာတစ်ခုဖြစ်ပါကြောင်း၊ ထို့အပြင် ယခုအချိန်အထိ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများထံ ပေးပို့ထားသည့် အခွန်သတ်မှတ်စာများသည်လည်း အမေရိကန်အတွက် ပိုမိုအကျိုးရှိသည့် ကမ်းလှမ်းချက်များဖြင့် နိုင်ငံအဆင့်ဆွေးနွေးမှုများကို ပြန်လည်စတင်စေရန်ရည်ရွယ်သည့် ဆွေးနွေးမှုဗျူဟာတစ်ခုဖြစ်နိုင်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ထရမ့်အစိုးရအနေဖြင့် ပိုမိုအသာစီးရရှိနိုင်သည့် ‘သဘောတူညီမှုများ’ကို ရယူနိုင်စေနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
မလေးရှားကုန်သွယ်ရေးဝန်ကြီးက အင်ဒိုနီးရှားသဘောတူညီချက်၏ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန်စောင့်ဆိုင်းနေကြောင်း၊ ၎င်းတို့သည် အကောက်ခွန်အတွက် အမေရိကန်နှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ ဤဆွေးနွေးမှုသည် နှစ်နိုင်ငံလုံးအတွက် အကျိုးဖြစ်ထွန်းစေရမည်ဟု ပြောကြားခဲ့ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။
Source: India seeks lower tariff than Indonesia in race for deal with US, The Economic Times, 17 July, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)